ဘီးလင်းမြို့နယ်တွင် မွတ်ဆလင် ၃၆ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် အထောက်အထားမပါဘဲလာသည့် မွတ်ဆလင် ၃၆ ဦးကို ရွှေသံလွင် ပူးပေါင်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

24 Sep 2022

ဘီးလင်းမြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် မွတ်ဆလင်များကို တွေ့ရစဉ်။


DMG ၊ စက်တင်ဘာ ၂၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် အထောက်အထားမပါဘဲလာသည့် မွတ်ဆလင် ၃၆ ဦးကို ရွှေသံလွင် ပူးပေါင်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၂၂)ရက် ည(၁၀)နာရီအချိန်တွင် ကျိုက်ထိုမြို့မှ ဘီးလင်းမြို့အဝင် ရွှေသံလွင်စစ်ဆေးရေးဂိတ်တွင် စစ်တပ်နှင့် ရဲက ယင်းသို့ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် သံလွင်ဂိတ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် မွတ်ဆလင်များမှာ ကလေးငယ်များအပါအဝင် အမျိုးသား(၂၂)ဦးနှင့် အမျိုးသမီး(၁၄)ဦးဖြစ်ကြသည်။ ၎င်းတို့ကို အိမ်စီးကားသုံးစီးဖြင့်တင်ဆောင်လာခဲ့ခြင်းဖြစ်သည်။

အိမ်စီးကားသုံးစီးနဲ့ မွတ်ဆလင်တွေပါတာကို သတင်းရလို့စစ်ဆေးတာ။ သူတို့ကို ဒီကတာဝန်ရှိသူတွေမေးတော့ ဘာအထောက်အထားမှ မပါလာဘူး”ဟု သံလွင်ဂိတ် တာဝန်ရှိသူကပြောသည်။

အဆိုပါမွတ်ဆလင်များကို ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)အဖွဲ့ပိုင် ကားများဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်းနှင့် ကားတွင်ပါသည့် ၎င်းတပ်ဖွဲ့ဝင် အရာရှိနှင့် တပ်သား(၅)ဦးတို့ကိုလည်း ဖမ်းဆီးထားကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး KNU/KNLA-PC အဖွဲ့ တာဝန်ခံ နော်ကပေါထူးနှင့် အခြားတာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ဖမ်းဆီးခံထားရသည့် မွတ်ဆလင်များမှာ ရခိုင်ပြည်နယ် မြို့နယ်အချို့မှဖြစ်ကြပြီး အသေးစိတ်အချက်အလက်များကို မပြောနိုင်သေးကြောင်းနှင့် ၎င်းတို့ကို ဘီးလင်းမြို့မရဲစခန်းတွင် စစ်ဆေးနေကြောင်း ရဲစခန်းနှင့်နီးစပ်သူထံမှ သိရသည်။

အမည်မဖော်လိုသည့် ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက “မွတ်ဆလင် (၃၆)ဦးကို မြို့မရဲစခန်းမှာ စစ်ဆေးနေပါတယ်။ အခုအထိတော့ ဘာဆက်လုပ်မလဲဆိုတာ မသိရသေးဘူး။ ထူးခြားတာလည်း မတွေ့ရသေးပါဘူး”ဟု ပြောသည်။

ရခိုင်ပြည်အတွင်းနေထိုင်သည့် မွတ်လဆင်များမှာ အလုပ်အကိုင်ရှာဖွေရန် ပြည်မနှင့် ပြည်ပနိုင်ငံသို့ထွက်ခွာရာတွင် ဖမ်းဆီးခံရမှုနှင့်ကြုံတွေ့ရသော်လည်း ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ပြီး နည်းမျိုးစုံနှင့် ထွက်ခွာနေကြဆဲဖြစ်သည်။

ဗီဒီယိုများ