ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီးဖြစ်သူအပါအဝင် NLD ပါတီဝင်လေးဦး ဖမ်းဆီးခံရ

ရခိုင်ပြည်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီးဖြစ်သူ မမိုးဆန်းစုကြည်၊ ရခိုင်ပြည် NLD ပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးစိုးလေးအပါအဝင် ပါတီဝင်လေးဦး ဖမ်းဆီးခံလိုက်ရကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီမှ တာဝန်ရှိသူနှင့် မိသားစုဝင်များက ပြောဆိုကြသည်။

10 May 2021

DMG ၊ မေ ၁၀

ရခိုင်ပြည်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီးဖြစ်သူ မမိုးဆန်းစုကြည်၊ ရခိုင်ပြည် NLD ပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးစိုးလေးအပါအဝင် ပါတီဝင်လေးဦး ဖမ်းဆီးခံလိုက်ရကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီမှ တာဝန်ရှိသူနှင့် မိသားစုဝင်များက ပြောဆိုကြသည်။

ဖမ်းဆီးခံရသူများမှာ NLD ပါတီမှ မမိုးဆန်းစုကြည်၊ ဦးစိုးလေး၊ ကိုဟိန်းမြင့်ထက်နှင့် ဦးဘမျိုးသိန်းတို့ ဖြစ်ကြသည်။

ဦးစိုးလေးအပါအဝင်သုံးဦးမှာ မေလ ၈ ရက်နေ့ မွန်းလွဲပိုင်း ၁၀ နာရီအချိန်ခန့်က ရန်ကုန်မြို့ရှိ NLD ရုံးချုပ် ရှေ့တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကျနော်တို့ ဝန်ကြီးချုပ်ဟောင်းသမီး ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့တော့ မသိသေးဘူး။ ဒါပေမယ့် ဦးစိုးလေးနဲ့ တစ်ခြား ၂ ယောက်ကတော့ အဖမ်းခံရတာမှန်ကန်တယ်။ သူတို့က အရင်ကတည်းက ရုံးချုပ်မှာနေကြတာ။ အဲဒီနေ့ကတော့ အပြင်သွားပြီးဈေးဝယ်ရင်း အဖမ်းခံလိုက်ရတာလို့သိရတယ်” ဟု ၎င်းက DMG သို့ ပြောသည်။

တောင်ကုတ်မြို့နယ်မှ အခြားပါတီဝင်များမှာလည်း လက်ရှိတွင် တိမ်းရှောင်နေကြရကြောင်း ၎င်းက ဆက်ပြောသည်။

မမိုးဆန်းစုကြည်၏ အစ်မဖြစ်သူ မကြည်ကြည်ဦးက ညီမဖြစ်သူဖမ်းဆီးခံရမှုအား ဆိုရှယ်မီဒီယာပေါ်၌ တက်လာသည့်အချိန်မှသာ သိရှိခဲ့ရကြောင်း ပြောပြသည်။

“အရင်ကတည်းက သူဘယ်နေရာမှာနေလဲဆိုတာကို ကျမတို့ကိုမပြောပြဘူး။ ကျမတို့ကလည်း သူ့လုံခြုံရေးကို ကြည့်ပြီး မမေးဖြစ်ဘူး။ ဖုန်းနဲ့ပဲ လုံလုံခြုံခြုံရှိကြောင်းပြောပြလေ့ရှိတယ်။ ဒါပေမယ့် မနေ့ကတော့ သူအဖမ်းခံရ တဲ့ကိစ္စကို မီဒီယာတွေမှာတက်လာတဲ့အချိန်ကျမှ ကျမသိရတာ။ ဖုန်းဆက်ကြည့်တော့ ဆက်သွယ်မရ တော့ဘူး။ အခုကဖမ်းသွားလို့ရှိရင် ရိုက်နှက်တာတွေရှိတယ်ဆိုပြီး သတင်းတွေကြားရတော့ သူ့အတွက် အရမ်းစိတ်ပူတယ်” ဟု မကြည်ကြည်ဦးကဆိုသည်။

ထိုသို့ ဖမ်းဆီးခံရသူလေးဦးအား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို သိရှိနိုင်ရန် လိုက်လံစုံစမ်းနေသော်လည်း လက်ရှိအချိန်ထိ သတင်းတစ်စုံတစ်ရာမသိရသေးကြောင်း မိသားစုဝင်များက ဆိုသည်။

ဗီဒီယိုများ