ရခိုင်တွင် တစ်နှစ်ခန့်အတွင်း တရားမဝင်သစ်တန်ချိန်ပေါင်း ၅၀၀၀ ကျော်ဖမ်းဆီးရမိ

ရခိုင်ပြည်တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် သြဂုတ်လအထိ တရားမဝင်သစ်တန်ချိန်ပေါင်း ၅၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းအရ သိရသည်။

22 Sep 2021

DMG ၊ စက်တင်ဘာ ၂၂

ရခိုင်ပြည်တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် သြဂုတ်လအထိ တရားမဝင်သစ်တန်ချိန်ပေါင်း ၅၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းအရ သိရသည်။

တစ်နှစ်ခန့်အတွင်း သစ်တန်ချိန်စုစုပေါင်း ၅၁၈၁ ဒသမ ၅၀၉၁ တန်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အများဆုံးသစ်ဖမ်းဆီးရရှိမှုမှာ သံတွဲခရိုင်မှဖြစ်ကာ ၄၀၄၆ ဒသမ ၈၄၁၇ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင်က “အများစုကတော့ သံတွဲခရိုင်အတွင်းက ဖမ်းဆီးရမိတာရှိပါတယ်။ တစ်နှစ်နဲ့ တစ်နှစ်တော့မတူပါဘူး။ ဘာကြောင့်လဲဆိုတော့ ခိုးတဲ့လူတွေက လမ်းကြောင်းမျိုးစုံကခိုးနေကြတော့ သူတို့သယ်ယူပို့တဲ့နေရာမှာ မူတည်တာပေါ့”ဟု ပြောသည်။

သစ်များကို ကျွန်းသစ်၊ သစ်မာ၊ အခြားသစ် စသည်ဖြင့် အုပ်စုသုံးအုပ်စုခွဲထားပြီး ယခုဖမ်းဆီးရမိသည့်သစ်အများစုမှာ အခြားသစ်များဖြစ်ကာ တန်ချိန်လေးထောင်ကျော်အထိပါဝင်ကြောင်း ဦးဇော်ဇော်အောင်က ဆက်လက်ပြောကြားသည်။

“ကျနော်တို့အများဆုံးဖမ်းဆီးရမိတဲ့ သစ်တွေမှာ တန်ငါးထောင်ကျော်မှာ အခြားသောသစ်တွေများပါတယ်။ အခြားသောသစ်တွေက သစ်တန်ချိန်လေးထောင်ကျော်လောက်ရှိပါတယ်။ တခြားသစ်တွေက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်အဲဒါတွေကလည်း များတာပေါ့”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အတွင်း ဖမ်းဆီးရမိသည့်သစ်များမှာ ရခိုင်တစ်ခုတည်းမှ ခိုးထုတ်သည့်သစ်များမဟုတ်ဘဲ တခြားဆက်စပ်ပြည်နယ်များဖြစ်သည့် ပဲခူးရိုးမနှင့် မင်းဘူးတို့မှ ရခိုင်ပြည်နယ်ဖက်သို့ သယ်ဆောင်လာသည့် သစ်များလည်းပါဝင်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

“သစ်ခိုးမှုတွေအများစုကတော့ ဆက်စပ်ပြည်နယ်တွေပေါ့နော်။ အဲဒီပြည်နယ်တွေထဲက လာတာလည်းရှိတယ်။ ရခိုင်ပြည်နယ်မှာ မခိုးဘူးတော့မဟုတ်ဘူး။ ရခိုင်ကနေပြီးတော့ သစ်တွေခိုးနေတယ်။ ဒီလိုမျိုးမဟုတ်ဘူး။ သစ်တွေက တခြားပဲခူးရိုးကလာတာတွေရှိတယ်။ နောက်တစ်ခါ မင်းဘူးတို့ဘာတို့ အဲဒီဘက်တွေက လာတာတွေလည်းရှိတယ်။ အဲဒီဘက်ကလာတဲ့သစ်တွေကို ရခိုင်ပြည်နယ်မှာဖမ်းဆီးရမိတဲ့ပမာဏာက များတယ်ပေါ့နော်”ဟု ၎င်းကဆိုသည်။

ရခိုင်တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် သြဂုတ်လအထိ တရားမဝင်သစ်ဖမ်းဆီးရရှိမှုမှာ သံတွဲခရိုင်တွင် ၄၀၄၆ ဒသမ ၈၄၁၇ တန်၊ မောင်တောခရိုင်တွင် ၂၁၁ ဒသမ ၇၇၄၄ တန်၊ စစ်တွေခရိုင်တွင် ၆၆၅ ဒသမ ၃၈၇၁ တန်၊ ကျောက်ဖြူခရိုင်တွင် ၂၅၇ ဒသမ ၅၀၅၉ တန်ဖြစ်ကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ