ရခိုင်က စစ်ဘေးဒဏ်ခံစားနေရသူများကို လူသားချင်းစာနာမှုအကူအညီ ထိရောက်စွာဆောင်ပေးသင့်အဆို အတည်ပြု

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အပြစ်မဲ့သေဆုံးခဲ့ကြသူများ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများ၊ ဒဏ်ရာရရှိခြင်း နှင့် ဖမ်းဆီးတရားစွဲဆိုခြင်း ခံနေရသူများအတွက် ပြည်နယ်အစိုးရက လူသားချင်းစာနာမှုအကူအညီများ ယခင်ထက် ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးသင့်ကြောင်းအဆိုကို ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြည်နယ်လွှတ်တော်က အတည်ပြု

By မင်းထွန်း 03 Jan 2020

မင်းထွန်း | DMG
ဇန်နဝါရီ ၃၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အပြစ်မဲ့သေဆုံးခဲ့ကြသူများ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများ၊ ဒဏ်ရာရရှိခြင်း နှင့် ဖမ်းဆီးတရားစွဲဆိုခြင်း ခံနေရသူများအတွက် ပြည်နယ်အစိုးရက လူသားချင်းစာနာမှုအကူအညီများ ယခင်ထက် ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးသင့်ကြောင်းအဆိုကို ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်။

ယင်းအဆိုကို ဒီဇင်ဘာလ (၃၀) ရက်က သံတွဲမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက တင်သွင်းခဲ့ခြင်းဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူမရှိသောကြောင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုကို ထောက်ခံဆွေးနွေးသူ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တိုက်ပွဲကာလအတွင်း ပြည်သူများကို သံသယဖြင့် ဖမ်းဆီးနေမည်ဆိုပါက ပြည်သူများ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများ ဖြစ်လာစေနိုင်သောကြောင့် အစိုးရက ပြည်သူများနစ်နာချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသင့်သည်ဟု ဆွေးနွေးသွားသည်။

“တရားစွဲဆိုခံနေရသူအတွက် စားဝတ်နေရေး ငွေကြေး မိသားစုအခက်အခဲတွေရှိတဲ့အတွက်ကြောင့် အစိုးရအနေဖြင့် ဖြည့်ဆည်းပေးရန် လိုအပ်ပါတယ်။ ထို့အပြင် သေဆုံးသူမိသားစု၊ ထိခိုက်ဒဏ်ရာရရှိသူတွေကိုလည်း နွေးထွေးသောကူညီမှုများ ဆောင်ရွက်ပေးသင့်ကြောင်း တင်ပြလိုပါတယ် ” ဟု ၎င်းက ပြောသည်။

သံသယဖြင့် ဖမ်းဆီးခံနေရသူများ၏ မိသားစုဝင်များမှာ စစ်ဘေးဒုက္ခသည်များ ဖြစ်နေသောကြောင့် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟုလည်း ထောက်ခံဆွေးနွေးခဲ့သည့် ရသေ့တောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောသည်။

“ အဆိုရှင်တင်ပြသွားတာက မတရားအပြစ်မဲ့တဲ့သူတွေကို အချုပ်ထဲမှာ ကာလအချိန်တန်ထားပြီးတော့ စစ်ဆေးတယ်။ သံသယကလွတ်တဲ့အချိန်မှာ မိသားစုနဲ့ဘဝနောင်ရေးဟာ အလွန်တရာမှ အခက်အခဲနဲ့ ကြုံတွေ့နေရတာကို မြို့နယ်တိုင်းမှာ မြင်နေရပါတယ်။ အထူးသဖြင့် အဲဒီမိသားစု တိုက်ပွဲရှောင်တွေကြားထဲက ဒီကျနော်တို့ဖမ်းဆီးခံလူတွေက ကယ်ဆယ်ရေးဒုက္ခသည်စခန်းတွေမှာ နေနေရတဲ့အခါ အစိုးရကပေးတဲ့ တနေ့သုံးရာပေးတဲ့ပိုက်ဆံနဲ့ ထမင်းစားလို့မလောက်ပါဘူး။ ထောင်ဝင်စာလာတွေတဲ့လူတွေ ရသေ့တောင်ကနေ စစ်တွေကိုလာရပါတယ်။ ထမင်းထုပ်တွေနဲ့ ဆန်လေးနဲ့လာရပါတယ်။ တစ်ပတ်တစ်ကြိမ် မိသားစုနဲ့လာတွေ့တဲ့အခါမှာ အလွန်တရာမှ ဒုက္ခဆင်းရဲတွေကို လက်တွေ့မြင်တွေ့နေရပါတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ရှိလာပြီး AA နှင့်ပတ်သက်သည်ဟုဆိုကာ စွပ်စွဲခံရ၍ တရားစွဲခံရသူ စုစုပေါင်း (၅၀၃)ဦးရှိပြီး ယင်းအထဲမှ (၁၀)ဦးလွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ