ရခိုင်တွင် ရွေးကောက်ပွဲအတွင်း မဲမသမာမှု တစ်ခုသာရှိဟုဆို

ရွေးကောက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်တွင် မဲအငြင်းပွားခြင်း၊ မဲမသမာမှုများနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲအလွန် ၃ ရက်မြောက် ယနေ့ နိုဝင်ဘာလ ၁၁ နေ့အထိ တိုင်ကြားမှုတစ်ခုသာ ရှိသေးသည်ဟု ပြည်နယ်ကော်မရှင်အဖွဲ့(ခွဲ)က အတွင်းရေးမှူး ဦးသူရိန်ထွဋ် က ပြောသည်။

11 Nov 2020

ခင်သရဖီဦး | DMG
နိုဝင်ဘာ ၁၁ ၊ စစ်တွေ

ရွေးကောက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်တွင် မဲအငြင်းပွားခြင်း၊ မဲမသမာမှုများနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲအလွန် ၃ ရက်မြောက် ယနေ့ နိုဝင်ဘာလ ၁၁ နေ့အထိ တိုင်ကြားမှုတစ်ခုသာ ရှိသေးသည်ဟု ပြည်နယ်ကော်မရှင်အဖွဲ့(ခွဲ)က အတွင်းရေးမှူး ဦးသူရိန်ထွဋ် က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာရှိ မဲရုံတွင် ကြိုတင်မဲပေးရာ၌ မဲမပေးရသေးသည့် မဲစာရွက်အချို့တွင် တံဆိပ်တုံးကြိုတင်ရိုက်ထားမှုကြောင့် ယင်းကျေးရွာမှ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကို တာဝန်မှရပ်ဆိုင်းခဲ့ကာ လက်ရှိတွင် မဲကိစ္စများကြောင့် ဆက်လက်အရေးယူမှုကို မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။

“သူတို့လက်ရှိတာဝန်ထမ်းဆောင်နေတာက ရပ်နားပေးလိုက်တယ်ပေါ့နော်။ ကျန်တာက ဆက်လုပ်စရာရှိတာ ဆက်လုပ်ရမှာပေါ့၊ ဘာဆက်လုပ်မလဲဆိုတာတော့ မသိသေးဘူး။ အခုက ဒီဖက်က အလုပ်တွေ မပြီးနိုင်သေးဘူး။ ရွေးကောက်ပွဲထုတ်ပြန်တဲ့အလုပ်တွေ မပြီးနိုင်သေးဘူးဖြစ်နေလို့” ဟု ဦးသူရိန်ထွဋ်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပခွင့်ရသည့် မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီကလည်း လက်ရှိတွင် မဲမသမာမှုများနှင့်ပတ်သက်ပြီး ကော်မရှင်သို့ တိုင်ကြားမှုများမရှိကြောင်း ပါတီဗဟိုအောင်နိုင်ရေး ပြန်ကြားရေးတာဝန်ခံ ကိုကျော်ဝင်းချေ က ပြောသည်။

“လောလောဆယ်တော့ တိုင်ကြားမှုတွေ တစ်ခုမှမရှိသေးဘူး။ နောက်ပြီး နယ်ကအမတ်တွေ အနေနဲ့လည်း Complain တက် (တိုင်ကြား) တာ မရှိသေးဘူး။ ၂၀၁၅ ကလည်းမရှိပါဘူး။ ယခု ၂၀၂၀  မှာလည်း မဲမသမာမှုနဲ့ပတ်သက်ပြီး ကျနော်တို့ ပါတီက တိုင်ကြားတာမရှိပါဘူး။ မဲမသမာမှုတွေကတော့ သံတွဲတို့မှာတော့ ယောင်ဝါးဝါးတွေ ကြားရတယ်ပေါ့။ ဒါပေမဲ့ အထောက်အထား တိတိကျကျမရှိတော့ ကျနော်တို့ မတိုင်ကြားတော့ပါဘူး” ဟု ၎င်းကဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့က အမ်းမြို့နယ်တွင် မဲရုံမှူးများနှင့် USDP ပါတီ အငြင်းပွားမှုတစ်ခုနှင့် စစ်တွေမြို့နယ်တွင် အစားထိုးထည့်ခိုင်းသည့် မဲမသမာမှုတစ်ခုရှိခဲ့ကြောင်း သက်ဆိုင်ရာနိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ထုတ်ဖော်ပြောဆိုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အငြင်းပွားမှု၊ မဲမသမာမှုများကို မြို့နယ်အဆင့် ရွေးကောက်ပွဲစေ့စပ်ညှိနှိုင်းရေးကော်မတီများမှတစ်ဆင့် ဖြေရှင်းနိုင်ခဲ့ပြီး ကော်မရှင်အနေဖြင့် လက်ရှိအချိန်အထိ ဥပေဒကြောင်းအရ တိုင်းကြားလာမှုများကို လက်ခံရရှိထားခြင်း မရှိသေးကြောင်း ယနေ့နိုဝင်ဘာလ ၁၁ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောဆိုခဲ့သည်။

ဆက်စပ်ဖတ်ရှုန် -

ဗီဒီယိုများ