ရခိုင်က စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် ရေဘေးဒဏ်ခံနေရ

ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများလာသဖြင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် ရေးများ ပြည့်လျှံကာ ဒုက္ခသည်များ ရေဘေးဒဏ်ကိုခံနေကြရသည်။

By အောင်ထိန် 18 Jun 2020

မြေပုံမြို့နယ်၊ ရက်ချောင်းစစ်ဘေးရှောင်စခန်းတွင် တောင်ကျရေနှင့် ရက်ချောင်းမြစ်မှ ဒီရေတက်လာသဖြင့် ဒုက္ခသည်တဲအိမ်များ နစ်မြုပ်နေပုံ (ဓာတ်ပုံ - မြတန်ဆောင်းဆရာတော်)

အောင်ထိန် | DMG
ဇွန် ၁၈ ၊ စစ်တွေ

ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများလာသဖြင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် ရေးများ ပြည့်လျှံကာ ဒုက္ခသည်များ ရေဘေးဒဏ်ကိုခံနေကြရသည်။

လူဦးရေ ၄၀၀ ကျော်ခိုလှုံနေသည့် မြေပုံမြို့နယ်၊ ရက်ချောင်းစစ်ဘေးရှောင်စခန်းတွင် တောင်ကျရေနှင့် ရက်ချောင်းမြစ်မှ ဒီရေတက်လာသဖြင့် ဒုက္ခသည်တဲအိမ်များ နစ်မြုပ်နေရကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။

“ရေက ပြန်မကျသေးတဲ့အတွက် ပြန်နေဖို့ အဆင်မပြေသေးဘူး။ အခုက ဘုန်းကြီးကျောင်းအောက်မှာနေရတာ ဆိုတော့ စိုစွတ်နေတယ်။ ချက်ပြုတ်စားသောက်ရတာလည်း အဆင်မပြေဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီး တွေလည်းရှိတော့ သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်”ဟု မြတန်ဆောင်း ဆရာတော်က မိန့်သည်။

မြေပုံမြို့နယ် ရွာသာယာ၊ ဒင်္ဂါးရ၊ မီးကျောင်းတက်ကျေးရွာများမှ ဒေသခံများမှာ ရက်ချောင်းစစ်ဘေးရှောင် စခန်းသို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင်ထွက်ပြေးလာကြခြင်းဖြစ်ကာ ၎င်းစခန်းတွင် စစ်ဘေးရှောင်တဲအိမ် ၁၁၅ လုံးရှိကြောင်း သိရသည်။

အလားတူ စစ်ဘေးရှောင်တဲအိမ်ပေါင်း ၂၈၀ ခန့်ရှိသည့် မြောက်ဦးမြို့နယ်၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်း တွင်လည်း တဲအိမ် ၁၅၀ ခန့်မှာ ရေ ၃ ပေခန့်အထိ မြင့်တက်လာနေသဖြင့် ဒုက္ခသည်များနေထိုင်ရေး အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“တဲအိမ်တွေကတော့ မမြုပ်သေးဘူး။ မြုပ်ဖို့ နည်းနည်းလည်းပဲ လိုတော့တယ်။ မိုးဆိုးဆိုးရွားရွား ရွာရင်တော့ အခက်အခဲဖြစ်မယ်” ဟု မြတန်ဆောင်းစစ်ရှောင်စခန်းတွင်နေထိုင်သည့် ဦးမောင်အေးကျော်က ပြောသည်။

စစ်ဘေးရှောင်စခန်းများ ရေဘေးဒဏ်မှလွတ်မြောက်ရန်အတွက် ကုန်းမြင့်များပေါ်တွင် တဲအိမ်များ ဆောက်လုပ်ရန် လိုအပ်နေပြီး မိုးရာသီကာလ၌ ချက်ပြုစားသောက်ရေး၊ ကျန်းမာရေး စသည့်အခက်အခဲများနှင့် ရင်ဆိုင်ကြုံလာရမည်ကို စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး မိုးများကာ ရေကြီးရေလျှံမှုများလည်းဖြစ်ပေါ်လေ့ရှိသည်။ ၂၀၁၉ ခုနှစ်က ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ရေဘေးသင့်သူ တစ်သိန်းငါးသောင်းကျော်ရှိခဲ့သည်။

ဗီဒီယိုများ