မြောက်ဦးမြို့တွင် ဒဏ်ရာများနှင့်အမျိုးသားတစ်ဦးသေဆုံးသွားမှုကို အမှုမှန်ပေါ်ပေါက်စေရန် မိသားစုတောင်းဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးမှာ ဒဏ်ရာများနှင့်သေဆုံးသွားခဲ့ရသည့်ကိစ္စကို အမှုမှန်ပေါ်ပေါက်စေလိုကြောင်း မိသားစုဝင်များက တောင်းဆိုကြသည်။

01 Apr 2022

DMG ၊ ဧပြီ ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးမှာ ဒဏ်ရာများနှင့်သေဆုံးသွားခဲ့ရသည့်ကိစ္စကို အမှုမှန်ပေါ်ပေါက်စေလိုကြောင်း မိသားစုဝင်များက တောင်းဆိုကြသည်။

သေဆုံးသူမှာ အသက်(၅၆)နှစ်အရွယ် ဦးမောင်ကြီးလှဆိုသူဖြစ်ပြီး မတ်လ ၂၂ ရက်နေ့က နေအိမ်မှထွက်သွားပြီးနောက် တစ်ပတ်ခန့်အကြာ မတ်လ ၃၀ ရက်နေ့တွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် ၎င်း၏ရုပ်အလောင်းကို မြောက်ဦးမြို့ ရင်ခွဲရုံတွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

ဦးမောင်ကြီးလှကို စစ်ဆေးစရာရှိသည်ဟု မြောက်ဦးမြို့နယ်ရှိ AA မှ ဖုန်းဆက်ခေါ်သဖြင့် အဖော်တစ်ဦးနှင့်အတူ ဘေးတွဲဆိုင်ကယ်ဖြင့်သွားရောက်ခဲ့မှ ဦးမောင်ကြီးလှနှင့် မိသားစုအဆက်အသွယ်ပြတ်သွားခဲ့သည်ဟုဆိုသည်။ ထို့နောက် မတ်လ ၃၀ ရက်နေ့ ည ၅ နာရီကျော်အချိန်တွင် ဦးမောင်ကြီးလှမှာ သွေးတိုးရောဂါနှင့်သေဆုံးသွားသည်ဟု လူနှစ်ဦးမှ မိသားစုထံလာရောက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ကျနော့်သားကို ဆီးချိုရောဂါနဲသေသွားတယ်လို့ ပြောလာတယ်။ ကျနော့်သားမှာ ဆီးချိုရောဂါလည်း မရှိဘူး။ ကျနော့်သားက နှိပ်စက်ခံရပြီးတော့ သေဆုံးသွားတာပါ။ ဒဏ်ရာတွေလည်း အများကြီးရှိပါတယ်”ဟု ဦးမောင်ကြီးလှ၏ဖခင် ဦးလူမောင်က ပြောသည်။

အဖော်လိုက်ပါသွားသူမှာ ဦးမောင်ကြီးလှကိုထားခဲ့ကာ ထိုနေရာမှ ဘေးတွဲဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်လာခဲ့သည်ဟု သိရသည်။ ထိုသို့အဖော်လိုက်ပါသွားသူက “အချုပ်ခန်းတစ်ခန်းထဲကို ဦးမောင်ကြီးလှကို ထည့်လိုက်တယ်။ သူ့ကို မေးစရာရှိတယ်ဆိုပြီး ကျနော့်ရှေ့ကအချုပ်ခန်းထဲကို သွင်းလိုက်တာပါ။ ကျနော်က သူနဲ့နောက်ထပ်ဖုန်းဆက်လို့ ရမလားလို့မေးလိုက်တော့ သူတို့ကမရဘူးလို့ပြောတယ်။ အဲဒီနေ့ကတည်းကစလို့ အဆက်သွယ်မရတော့ဘူး။ နောက်တော့ အလောင်းတွေ့တာပါ”ဟု ပြောသည်။

ဦးမောင်ကြီးလှသေဆုံးမှုနှင့်ပတ်သက်ပြီး မြောက်ဦးမြို့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက “ဆေးကုသနေစဉ် သေဆုံးသွားတာပါ။ ဘာရောဂါ၊ဘယ်လိုမျိုးလည်းဆိုတာတော့ ကျနော်တို့ပြောလို့မရပါဘူး။ အလောင်းကို မိသားစုဝင်တွေ အတင်းယူသွားပါတယ်”ဟု ဆိုသည်။

ဦးမောင်ကြီးလှမှာ သစ်သီးရောင်းချခြင်း၊ ဘေထုတ်အဝတ်အထည်များရောင်းချပြီး လုပ်ကိုင်စားသောက်နေခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုပြီး ၎င်းသေဆုံးမှုကိစ္စကို အမှုမှန်ပေါ်ပေါက်စေလိုကြောင်းလည်း သမီးဖြစ်သူက တောင်းဆိုသည်။

“ကျမတို့ကတော့ အဖြေမှန်ကိုသိချင်ပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရတာလည်းဆိုတာကို သိချင်ပါတယ်။ ကျမတို့မှာ အဖေတစ်ယောက် ဆုံးရှုံးသွားပြီ။ အမှုမှန်ပေါ်ပေါက်စေချင်ပါတယ်”ဟု ဦးမောင်ကြီးလှ၏ သမီးဖြစ်သူကပြောသည်။

ယခုကဲ့သို့ ဦးမောင်ကြီးလှသေဆုံးမှုနှင့်ပတ်သက်ပြီး AA ၏တုန့်ပြန်ချက်ကိုရရှိနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ပြီး တုန့်ပြန်ချက်တစ်စုံတစ်ရာရရှိပါက အကြောင်းအရာအပြည့်အစုံကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

ULA/AA မှ ဗိုလ်မှူးအေးထွန်းကမူ ဦးမောင်ကြီးလှသေဆုံးမှုကို စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ဧပြီလ ၅ ရက်နေ့တွင် ULA/AA မှ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဗီဒီယိုများ