မြောက်ဦးဒေသခံတစ်ဦး ငါးရှာနေစဉ်ပစ်ခတ်ခံရသဖြင့် သေဆုံး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တွင်းကုန်းကျေးရွာမှ ဒေသခံတစ်ဦးမှာ ငါးဖမ်းနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

By နှင်းနွယ် 26 Jun 2020



နှင်းနွယ် | DMG
ဇွန် ၂၆ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တွင်းကုန်းကျေးရွာမှ ဒေသခံတစ်ဦးမှာ ငါးဖမ်းနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

ဇွန် ၂၅ ရက်နေ့ ညနေ(၁၀)နာရီအချိန်ခန့်က ကျောက်တွင်းကုန်းကျေးရွာသား (၄)ဦးတို့သည် ပိုးဖြူးကျွန်း ကျေးရွာအနီး လေးမြို့မြစ်ကမ်းစပ်တွင်ငါးရှာနေကြစဉ် မြစ်တစ်ဘက်ကမ်းရှိ မင်းပြားမြို့နယ် အောင်မင်္ဂလာ တောင်ပေါ်မှ သေနတ်ဖြင့်လှမ်းပစ်ခံခဲ့ရသည်ဟု ရွာသားများကပြောဆိုကြသည်။

ယင်းသို့ပစ်ခတ်ခံရသဖြင့် ငါးရှာနေသူ ၄ ဦးထဲမှ ဦးအောင်ကျော်သိန်း ၄၄ နှစ်တွင် ကျည်ထိမှန်သွားခဲ့ကြောင်း ကျောက်တွင်းကုန်းကျေးရွာသား ဦးမောင်မြင့်က DMG သို့ ပြောသည်။

“အောင်မင်္ဂလာတောင်ကနေပြီးတော့ သေနတ်နဲ့ (၆)ချက်လောက်လှမ်းပစ်တယ်။ အဲဒီအချိန်မှာသူ့ကို ကျည်ထိတာ။ သူနဲ့ပါလာတဲ့ တခြားသူတွေက ကြောက်ပြီးတော့ ရွာကိုဖုန်းဆက်အသိပေးတယ်။ ပြီးတော့ သူနဲ့ ပါသွားတဲ့လူတွေက ရွာကိုထမ်းခေါ်လာတယ်” ဟု ဦးအောင်မြင့်ကဆိုသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးအောင်ကျော်သိန်း၏ ညာဘက်ရင်ဘတ်၌ ကျည်ထိမှန်သွားခဲ့သဖြင့် အတူငါးရှာနေသည့်ရွာသားများမှ ၎င်းအားသယ်ဆောင်လာ၍ ကျေးရွာသို့ရောက်ရှိစဉ် ည ၁၁ နာရီအချိန်၌ သေဆုံးသွား ခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးရှာနေသည့်ရွာသားများကိုပစ်ခတ်သည့် မင်းပြားမြို့နယ်၊ ပန်းမြောင်း‌ကျေးရွာရှိ အောင်မင်္ဂလာဘုရား တောင်ပေါ်တွင် တပ်မတော်သားများမှ ၂၀၁၉ ခုနှစ်မှ ယနေ့အချိန်အထိ တပ်စွဲနေထိုင်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာဒေသများရှိ သာသနာ့နယ်မြေ အဆောက်အဦများ၌ တပ်မတော်က တပ်စွဲနေထိုင်မှုများရှိနေသည်ဆိုသည့် Video အထောက်အထားများကို ပြီးခဲ့သည့်ရက်သတ္တပတ်က ရက္ခိုင့်တပ်တော်(AA)မှ ထုတ်ပြန်ခဲ့သည်။

ယင်းသို့ သာသနာ့နယ်မြေများတွင် တပ်စွဲထားခြင်းမရှိကြောင်း ယခုလ ၂၃ ရက်နေ့ကပြုလုပ်ခဲ့သည့် တပ်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်မှ ငြင်းဆိုထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “တပ်မတော်အနေနဲ့ ဘုရားစေတီတွေပေါ်မှာ နေရာယူထားခြင်းမရှိပါဘူး၊ ဗီဒီယိုဖိုင်တွေတက်ကောင်း တက်လာပါလိမ့်မယ်။ အဲဒီ နေရာတွေမှာ လုံခြုံရေးအရ တက်ရောက်စစ်ဆေးတာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ငါးရှာနေစဉ်ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့သည့် ကျောက်တွင်းကုန်းကျေးရွာသား ဦးအောင်ကျော်သိန်းတွင် သားသမီး(၂)ဦး ကျန်ရစ်ခဲ့သည်။

ဦးအောင်သိန်း၏ ဇနီး ဒေါ်မဲလင်းက “သူ့လိုအဖြစ်ဆိုးမျိုး တခြားသူတွေမဖြစ်စေချင်ဘူး။ နောက်ထပ် အပြစ်မဲ့သူတွေ အခုလိုအပစ်မခံရဖို့၊ အသက်မဆုံးရှုံးဖို့မျှော်လင့်ပါတယ်” ဟု ပြောသည်။

ယခုပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ကျည်ထိမှန်သေဆုံးသွားသည့် ကျောက်တွင်းကုန်းကျေးရွာသား၏ ရုပ်အလောင်းအား မြောက်ဦးခရိုင်ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ယနေ့မွန်းလွဲပိုင်းအချိန်၌ သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်းလည်း မိသားစုဝင်များထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၈ မြို့နယ်တွင် အစိုးရမှ ညမထွက်ရအမိန့်ကို ၂၀၁၉ ခုနှစ်မှ လက်ရှိအချိန်ထိ ထုတ်ပြန်ထားသည့်အတွက် ၎င်းမြို့နယ်များမှဒေသခံများမှာ ဝမ်းစာရှာဖွေ ရာတွင် အခက်အခဲများရှိနေကြသည်။

ဗီဒီယိုများ