မြောက်ဦးက ရဲတစ်ဦးကို AA ဖမ်းဆီးဟု တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ၁ ဦးကို ဧပြီလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

By အောင်ထိန် 28 Apr 2020

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။(ဓာတ်ပုံ-DMG)


အောင်ထိန် | DMG
ဧပြီ ၂၈ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ၁ ဦးကို ဧပြီလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲ ဒု-တပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၂ ဦးတို့သည် မြောက်ဦးမြို့သို့ ဈေးဝယ်ရန်သွားရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာလာရာ ရတနာ့မာန်အောင်ဘုရားလမ်းရှိ သီဟိုဠ်ခြံအနီးသို့ အရောက်၌ အရပ်ဝတ်များ ဝတ်ဆင်ထားသော AA  (၈ )ဦးက ဝိုင်းရံ ဖမ်းဆီးခဲ့သဖြင့် ရဲတပ်သားတစ်ဦး ဖမ်းဆီးခံရခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရကကြေငြာထားပြီး ဆက်သွယ်မေးမြန်းသည့် သတင်းမီဒီယာများကို အရေးယူမှုရှိနေသောကြောင့် တပ်မတော်၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး AA ကို DMG က ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပေ။

အမည်မဖော်လိုသည့် မြောက်ဦးဒေသခံတစ်ဦးက ရဲတပ်သားအဖမ်းခံရသည်ဟု သတင်းထွက်ပေါ်နေသည်ဟု ဆိုသည်။ ယင်းနောက်တွင် တပ်မတော်က ရပ်ကွက်များကို ဝင်ရောက်စစ်ဆေးပြီး လမ်းသွား၊ လမ်းလာများကိုလည်း ခေါ်ယူစစ်ဆေးမှု ရှိခဲ့သည်ဟု ဆက်လက်ပြောသည်။

“ရပ်ကွက်တွေကို ဝင်ပြီးစစ်တယ်။ အနီးအနားတွေမှာ သွားနေတဲ့လူတွေကို ခေါ်တယ်။ ဖုန်းတွေကို စစ်ဆေး တယ်။ လမ်းဆုံတွေမှာ လူတွေကိုခေါ်ယူစစ်ဆေးတယ်” ဟု ၎င်းကဆိုသည်။

ယင်းနေ့ ညနေ (၁၀)နာရီခန့်တွင် မြောက်ဦးမြို့တွင်းတွင် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီး ဒေသခံများစိုးရိမ် ကြောက်လန့်ခဲ့သည်။ နောက်တစ်ရက်အကြာ ဧပြီလ ၂၇ ရက်နေ့၊ ညနေပိုင်းတွင် မြောက်ဦးမြို့၊ ညောင်ပင်ဈေးရပ်ကွက်ရှိ ထမင်းဆိုင်တစ်ဆိုင်ကို လက်နက်ကြီးကျည် ကျရောက်သောကြောင့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

ဗီဒီယိုများ