မြောက်ဦးမြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်၊ အရပ်သားနှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လင်းမြွှေတောင်တန်းတွင် ယနေ့သြဂုတ်လ ၂၈ ရက် နံနက် ၄ နာရီကျော်မှ စတင်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း နှစ်ဖက်လုံးမှ အတည်ပြု ပြောကြားသည်။

28 Aug 2019

ခိုင်ရိုးလ | DMG

သြဂုတ် ၂၈ ၊ မြောက်ဦး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လင်းမြွှေတောင်တန်းတွင် ယနေ့သြဂုတ်လ ၂၈ ရက် နံနက် ၄ နာရီကျော်မှ စတင်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း နှစ်ဖက်လုံးမှ အတည်ပြု ပြောကြားသည်။

အဆိုပါတိုက်ပွဲမှာ လင်းမြွေတောင်တွင် ယာယီတပ်စွဲထားသော စခန်းတစ်ခုကို AA မှ ဝင်တိုက်ခဲ့ကြောင်းနှင့် တိုက်ပွဲဖြစ်စဉ်ကို အတိအကျမသိရသေးကြောင်း ရက္ခိုင့်တပ်တော်၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“ဒီနေ့မနက် ၄ နာရီခွဲမှာ မြောက်ဦးမြို့နယ် လင်းမြွှေတောင်မှာရှိတဲ့ ဗမာစစ်တပ်ရဲ့ အမြောက်စခန်းကို ကျနော်တို့ဘက်က တက်ရောက်တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာ အမြောက်စခန်းကို တော်တော်လေး အထိနာအောင် ကျနော်တို့ဘက်က တိုက်ခိုက်နိုင်ခဲ့တာရှိတယ်။ ရန်သူဘက်ကလည်း အထိအခိုက် အကျအရှုံးများတယ်။ ကျနော်တို့ဘက်ကလည်း စစ်သည်တော်နှစ်ဦးကျရှုံးပြီးတော့ ၄ ဦးဒဏ်ရာရတာ ရှိတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် သြဂုတ်လ ၂၇ ရက်နေ့ ညအချိန်၌ တပ်မတော် စကခ(၉)ဌာနချုပ်နှင့် ဒေါင်းတော်ယိုးစခန်းတို့ကိုလည်း AA ဘက်မှ လက်နက်ကြီးများဖြင့် လှမ်းပစ်ခဲ့မှုများလည်းရှိကြောင်း ခိုင်သုခက ပြောသည်။

လင်းမြွှေတောင်တန်းတွင်ရှိသည့် တပ်မတော်လုံခြုံရေးတပ်ဖွဲ့တစ်ခုအား AA မှ လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“မနက် ၄ နာရီလောက်မှာ လင်းမြွှေတောင်မှာရှိတဲ့ လုံခြုံရေးအဖွဲ့တစ်ဖွဲ့ကို ဒီကောင်တွေလာပစ်တာ။ ရမလား ဆိုပြီးတော့ လာပစ်တာ။ လင်းမြွှေတောင်စခန်းက ဆော်ထည့်လိုက်တာ ဒီကောင်တွေအထိနာသွားတယ်လို့ ပြောတယ်။ အလောင်းတွေတောင် မနည်းဆွဲပြီးပြေးသွားတယ်လို့သိရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် နှစ်မိုင်ခန့်အကွာအဝေးတွင်ရှိသည့် မြောက်ဦးမြို့နယ် ထိပ်ဝပြင် ကျေးရွာမှ ဒေါ်တင်တင်ဌေး (၃၅) နှစ်နှင့် မသူဇာလှိုင် (၁၃) နှစ်တို့တွင် လက်နက်ကြီးကျည်များ ထိမှန်မှု ရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သည့် ဒေါ်တင်တင်ဌေး၏ နေအိမ်အနောက်ဘက် ဝါးရုံတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲရာမှာ သူမ၏ဝမ်းဗိုက်အောက်တွင် ကျည်စထိမှန်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“ကျောက်တော်နယ် ၃၇၅ တပ်ရင်းဘက်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးအမြောက်ကျည်ဆံက နေအိမ် နောက်ဖေးကဝါးရုံမှာကျပြီး ပေါက်ကွဲတော့ ကျည်စလွင့်စဉ်ပြီး ဝမ်းဗိုက်အောက်မှာထိမှန်ခဲ့တာပါ” ဟု မိသားစုဝင် ဦးစိန်ရွှေက ဆိုသည်။

လက်ရှိတွင် ဒဏ်ရာစိုးရိမ်ရသည့် ဒေါ်တင်တင်ဌေးကို ထိပ်ဝပြင်ကျေးရွာမှာ စစ်လှေဖြင့် တိန်ညိုဆေးရုံသို့ ယူဆောင်ကာ ဆေးကုသခံနေရပြီး မြောက်ဦးဆေးရုံသို့ ယူဆောင်ရမည်ဟု တိန်ညိုဆရာဝန်ကပြောကြောင်း ဦးစိန်ရွှေက ပြောကြားသည်။

ထိပ်ဝပြင်ကျေးရွာအတွင်းသို့ ကျရောက်ခဲ့သည့်လက်နက်ကြီးနှင့်ပတ်သက်၍ တပ်မတော်အားမေးမြန်းရာ ၎င်းတို့မှပစ်ခတ်သည့် လက်နက်ကြီးမဟုတ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

၎င်းကျေးရွာအတွင်း လက်နက်ကြီးကျရောက်ခြင်းသည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြားတွင် လက်နက်ကြီး ကျရောက်သည့်ပုံစံမဟုတ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခကဆိုသည်။
“ဗမာစစ်တပ်ဘက်ကနေပြီးတော့ ဒီမနက်မှာ ထိပ်ဝပြင်ရွာကို လက်နက်ကြီးနဲ့လှမ်းပစ်တာရှိတယ်။ တကယ်တော့ ထိပ်ဝပြင်ရွာကိုလှမ်းပစ်တာက နှစ်ဖက်တိုက်ပွဲကြားမှာ လက်နက်ကြီးကျတဲ့ပုံစံမျိုးမဟုတ်ဘူး” ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ထိပ်ဝပြင်ကျေးရွာသားများမှာ ကြောက်လန့်ပြီး ကျောက်တော်မြို့နယ် စဖိုသား၊ လမုသား၊ ကြခတ်ပြင်စသည့်ကျေးရွာများသို့ ထွက်ပြေးနေကြကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ကားလမ်းမနှင့် နီးသဖြင့် ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့မှ ကားလမ်းများကိုယာယီပိတ်ထားခဲ့ရပြီး ယနေ့ ညနေ ၅ နာရီကျော်အချိန်ထိ လုံခြုံရေးအရ ကားများ ဖြတ်သန်းသွားလာခြင်းမရှိသေးကြောင်း မြောက်ဦး-စစ်တွေ ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ကားတွေအခုအချိန်သွားမရသေးပါဘူး။ တိုက်ပွဲကတော့ မရှိတော့ပါ။ ဒါပေမယ့် လမ်းခရီးအခြေနေကို စိုးရိမ်ရသေးတဲ့အတွက်ပါ ”ဟု ယာဉ်မောင်း ကိုချမ်းသာကပြောသည်။

 

ဗီဒီယိုများ