ရခိုင်က စစ်ဘေးရှောင်စခန်းအချို့တွင် ရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရ

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းအချို့တွင် အစိုးရမှ လစဉ်ထောက်ပံ့ပေးနေသည့်ဆန်များ မရရှိ သဖြင့် ရိက္ခာပြတ်လပ်မည့် အခြေအနေနှင့် ရင်ဆိုင်နေကြရကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

09 May 2020

ဝံသ(မောင်တော) ၊ မျိုးသီရိကျော် | DMG
မေ ၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းအချို့တွင် အစိုးရမှ လစဉ်ထောက်ပံ့ပေးနေသည့်ဆန်များ မရရှိ သဖြင့် ရိက္ခာပြတ်လပ်မည့် အခြေအနေနှင့် ရင်ဆိုင်နေကြရကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည်ဦးရေ ၃၂၀၀ ကျော်ရှိပြီး လက်ရှိမှာ ဆန်ရိက္ခာ တစ်ရက်စာအတွက်သာ ကျန်ရှိတော့ကြောင်း စခန်းတာဝန်ခံ ဦးဝေလှအောင်က မေလ ၈ ရက်နေ့တွင် DMG သို့ ပြောသည်။

“အစိုးရအဖွဲ့က မပေးတာ တစ်လကျော်နေပြီ။ နောက်လည်း မရောက်ဘူးဆိုရင် လူဦးရေသုံးထောင်ကျော်ရှိတဲ့ ကျနော်တို့စခန်းက ဘယ်လိုလုပ်ပြီး စားသောက်နေထိုင်ရမှာလဲ”ဟု ၎င်းကဆိုသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နှင့် အစိုးရအဖွဲ့တို့မှ ထောက်ပံ့သည့် စားနပ်ရိက္ခာများဖြင့် ရပ်တည်နေခြင်းဖြစ်ကာ ICRC မှ မတ်လအတွင်းက နှစ်လစာရိက္ခာများ ထောက်ပံ့ပေးခဲ့သော်လည်း အစိုးရမှထောက်ပံ့မှုမရောက်ရှိသဖြင့် အခက်အခဲရှိကြောင်း ဦးဝေလှအောင်က ပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် မိမိတို့ဝမ်းစာအတွက် ငါးရှာ၊ ထင်းခုတ်ပြီး ရှာဖွေစားသောက်လိုသော်လည်း စိုးရိမ်မှုများ ရှိနေရသည်ဟု ဆိုသည်။

“ကူညီမှုအသင်းတွေလည်း တခုမှမရောက်ကြတော့ဘူး။ အခုလိုမျိုး မပေးရင်တော့ငတ်ကြမယ်။ ငတ်လ့ိုသေမယ့် အစား ရှာဖွေစားသောက်ရမှာပေါ့။ အဲလိုမျိုး တောင်တက်ရှာစားရင်းနဲ့ သူတို့(စစ်သား)နဲ့တွေ့လို့ တစ်ခုခု ဖြစ်မှာလည်း စိုးရိမ်ရတယ်”ဟု စစ်ဘေးရှောင် ဦးကျော်မြင့်ချေက ပြောသည်။

ထို့ပြင် ရသေ့တောင်မြို့ပေါ်ရှိ ရွှေပါရမီစစ်ဘေးရှောင်စခန်းနှင့် ဓညဝတီစစ်ဘေးရှောင်စခန်းတို့မှာလည်း ပြီးခဲ့သည့်ဧပြီလမှစတင်ကာ အစိုးရမှထောက်ပံ့ဆန်များ မရရှိခြင်းကြောင်း စားသောက်ရေးအခက်အခဲ ဖြစ်ပေါ် နေကြောင်း သိရသည်။

“လောလောဆယ်တော့ ဆန် (၅)ရက်စာလောက်ပဲရှိပြီ၊ အခုလိုမျိုးဖြစ်နေတဲ့အချိန်မှာ မတတ်နိုင်တဲ့ကြားက ကူညီ ပေးစေချင်တယ်” ဟု စစ်ဘေးရှောင်များကိုကူညီပေးနေသည့် ကိုဘက္ကာက မတ်လ ၈ ရက်နေ့က DMG ကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များအတွက် အစိုးရမှ လူတစ်ဦးလျှင် တစ်နေ့နို့ဆီဗူး (၂)ဗူးကျစီဖြင့် တစ်လတစ်ကြိမ် ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

ယခုကဲ့သို့ အစိုးရထံမှ လာရောက်ထောက်ပံ့ခြင်းမရှိဆိုသည့် ကိစ္စနှင့်ပတ်သတ်ပြီး ရခိုင်အစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နှင့် ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးကျော်မင်းအား DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ဘူးသီးတောင်မြို့နယ် ရွှေကျင်ဘုန်းတော်ကြီးတွင်ခိုလှုံနေထိုင်နေသည့် စစ်ဘေးဒုက္ခသည်များမှာလည်း စားသောက်ရေးအပြင် အဝတ်အထည်များပါ လိုအပ်မှုရှိနေကြောင်းသိရသည်။

အစိုးရမှ တစ်နေ့ဆန်နှစ်ဗူး ထောက်ပံ့ပေးထားသော်လည်း စစ်ဘေးရှောင်များအတွက် လုံလောက်မှုမရှိကြောင်း ရွှေကျင်ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးနာယကက မိန့်သည်။

“လူ၊ကယ်၊ပြန်က တစ်နေ့ကို ဆန် ၂ ဗူးပေးတယ်။ တောသူတောင်သားတွေက တစ်ခါစားရင် ဆန်တစ်ဗူးနဲ့ ဝမ်းဝကြတာမှမဟုတ်တာ။ နောက် ဆီ၊ ဆား၊ ငရုတ်၊ ဟင်း ဘာမှကို မလုံလောက်တာပါ။ အခု COVID-19 ရောဂါကြောင့် ရပ်နီးရပ်ဝေးက အလှူရှင်တွေလည်း မလာကြတော့ အခက်တွေ့နေတယ်” ဟု ဆရာတော်က မိန့်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ် ကံကော်မြိုင် ကျေးရွာမှ ဒေသခံ ၂၀၀ ကျော်မှာ မြို့ပေါ်သို့ ထွက်ပြေးခိုလှုံလာကြခြင်းဖြစ်သည်။

“အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးလာရတော့ မရှိဆင်းရဲသူတွေက ဘူးသီးတောင်မှာရှိတဲ့ ဆွေမျိုးတွေဆီက အဝတ်အစားတွေ သွားတောင်းရတယ်။ ငွေကြေးတတ်နိုင်သူတွေကတော့ ဝယ်ဝတ်ကြတယ်။ စားရတာကတော့ ငှက်ပျောပင်နဲ့ငါးခြောက်ကို ဆီမပါ၊ ဆားမပါ နေ့တိုင်းစားနေရပါတယ်” ဟု ကံကော်မြိုင်ကျေးရွာမှ ဒေါ်အဘုမေက ပြောသည်။

ရခိုင်ပြည်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု၏ အကျိုးဆက်ကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရသူဦးရေ တစ်သိန်းခြောက်သောင်းလေးထောင်ကျော် ရှိလာကြောင်း စစ်ဘေးရှောင် စရင်းများ ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရသိရသည်။

ဗီဒီယိုများ