မြောက်ဦးခရိုင်တွင် ကိုဗစ်လူနာများကိုကုသရန် ကျန်းမာရေးဝန်ထမ်းအင်အား လိုအပ်ချက်ရှိ

မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များတွင် တိုးမြင့်လာသော ကိုဗစ်ပိုးတွေ့လူနာများကို ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက်ပေးနိုင်ရန် ဝန်ထမ်းအင်အား လိုအပ်ချက်ရှိနေကြောင်း သက်ဆိုင်မြို့နယ် ကျန်းမာရေးဌာနများမှ သိရသည်။

By မျိုးသီရိကျော် 06 Oct 2020

မျိုးသီရိကျော် | DMG
အောက်တိုဘာ ၆ ၊ စစ်တွေ

မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များတွင် တိုးမြင့်လာသော ကိုဗစ်ပိုးတွေ့လူနာများကို ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက်ပေးနိုင်ရန် ဝန်ထမ်းအင်အား လိုအပ်ချက်ရှိနေကြောင်း သက်ဆိုင်မြို့နယ် ကျန်းမာရေးဌာနများမှ သိရသည်။

ကျောက်တော်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၉၄ ယောက်ထိရှိလာရာ ယခုထက်ပိုများလာပါက ကျန်းမာရေး ဝန်ထမ်းများ လိုအပ်ချက်ရှိလာနိုင်ကြောင်း ယင်းမြို့နယ်ဆေးရုံဆရာဝန် ဒေါက်တာသန်းထွန်းဦးက ဆိုသည်။

“ကျနော်တို့မှာ ကျန်းမာရေးဝန်ထမ်းတွေ လက်ရှိအချိန်ထိတော့ လုံလောက်တယ်လို့ ပြောလို့ရပါတယ်။ တခြား မြို့တွေလို စေတနာ့ဝန်ထမ်းတွေတော့ မရှိသလောက်နည်းတယ်ပေါ့နော်။ အဲဒါကြောင့်လည်း တချို့နယ်ဖက်က SWAB ယူရတဲ့အခါမှာ ကျန်းမာရေးဝန်ထမ်းတွေ နည်းပါးတာ တစ်ကြောင်း၊ ဒီကြားထဲ ဒေသမတည်ငြိမ်တဲ့ အချိန် တွေမှာဆိုရင် အခက်အခဲတွေ ရှိပါတယ်။ ဒီကာလမှာတော့ ကျန်းမာရေးဝန်ထမ်းအင်အားတွေ နေရာတိုင်းလိုလို လျော့နည်းနေမှာပါ” ဟု ၎င်းကဆိုသည်။

ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်း ၄၇ ဦးရှိပြီး လက်ရှိတွင် အစိုးရမဟုတ်သော အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် Myanmar Health Assistant Association(MHAA)နှင့် Relief International(RI)အဖွဲ့များမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦးတို့ကလည်း ကူညီဆောင်ရွက်ပေးနေကြောင်း ဒေါက်တာသန်းထွန်းဦးက ဆက်ပြောသည်။

ကျောက်တော်မြို့နယ်မှ ကိုဗစ်ပိုးတွေ့လူနာများအတွင်းမှ ရောဂါပြင်းထန်သူတစ်ဦးအား စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ကျန်လူနာများမှာ ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။

ကျောက်တော်ပြည်သူ့ဆေးရုံကြီးရှိ ပိုးတွေ့လူနာတစ်ဦးဖြစ်သူ ဦးမောင်ထွန်းခိုင်က “ပိုးတွေ့လူနာတွေအဖြစ် သတ်မှတ်လိုက်တဲ့နေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေလည်း တစ်ယောက်မှ မရောက်ဘူး။ ကိုယ့်ဘာသာ သွေးပေါင်ချိန်၊ အပူချိန်တိုင်းတာတို့လုပ်ပြီး စာရင်းရေးရတယ်။ အဲဒီနေရာမှာ ပြောချင်တာတစ်ခုက မလုပ် တတ်တဲ့သူတွေဆိုရင် မှားချင်လည်း မှားသွားနိုင်တယ်။ အဲဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင် လုပ်ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်ပိုးတွေ့လူနာ ၁၇၄ ဦးထိရှိလာသော်လည်း လက်ရှိအချိန်ထိ ကျန်းမာရေးဝန်ထမ်းလုံလောက်မှုရှိကြောင်း မြောက်ဦးမြို့နယ်ကျန်းမာရေးမှူး ဦးမျိုးလှိုင်ကပြောသည်။

“ကျန်းမာရေးဝန်ထမ်းကတော့ လုံလုံလောက်လောက်ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို အခက်အခဲနဲ့ မကြုံတွေ့စေချင်ဘူးဆိုရင်တော့ တစ်ဦးတစ်ယောက်ချင်း စည်းကမ်းလိုက်နာကြပါလို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြောက်ဦး ဆေးရုံဟောင်းတွင် ပိုးတွေ့လူနာအဖြစ် ဆေးကုသမှုခံနေရသူ မခိုင်နှင်းဦးက တစ်နေ့လျှင် စီဗစ် တစ်လုံးသာသောက်ရကြောင်း ပြောဆိုသည်။

“ကျမတို့တစ်နေ့ ဆီဗစ်တစ်လုံးစီသောက်ရပါတယ်။ သွေးပေါင်ချိန်တိုင်းတာတို့၊ Pressure တိုင်းတာတို့ကလည်း ကိုယ့်ဟာကိုလုပ်ရပါတယ်။ ဟိုလိုမျိုး ကျန်းမာရေးစောင့်ရှောက်ပေးတာတော့ မရှိပါဘူး။ တစ်ခုခုဖြစ်တယ် ဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းတွေကို ဖုန်းဆက်ပြီးတော့ အကြောင်းကြားပါတယ်” ဟု ၎င်းကဆိုသည်။

မြေပုံမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စည်းမျဉ်းစည်းကမ်းချက်များကို ပြည်သူလူထု အနေဖြင့် လိုက်နာဆောင်ရွက်ခြင်းကြောင့် ပိုးတွေ့လူနာနည်းပါးခြင်းဖြစ်သည်ဟု မြေပုံမြို့နယ် ကျန်းမားရေးမှူး ကိုကျော်လှစိန်က ပြောသည်။

“ဒီမှာကပိုးတွေ့လူနာ ၂ ယောက်ပဲရှိပါတယ်။ ပြည်သူလူထုအနေနဲ့လည်း စည်းကမ်းလိုက်နာကြတယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းကဆိုသည်။

ပေါက်တောမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၂၃ ဦးရှိသည့်အနက် ရောဂါပြင်းထန်သူ ၄ ဦးအား အောင်ဆီဂျင် ပေးသွင်းထားရကြောင်း ပေါက်တောမြို့ဆေးရုံအုပ် ဒေါက်တာကိုကိုအောင်က ပြောသည်။

“အခက်အခဲတော့ရှိပါတယ်။ ပိုးတွေ့လူနာ ၅၀ ထက်များလာရင်တော့ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ အခက် အခဲ ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်ထိ ပိုးတွေ့လူနာအများစုမှာ ကျန်းမာရေးကောင်းမွန်ပြီး ရောဂါအခံရှိသည့် ပိုးတွေ့လူနာများနှင့် သက်ကြီးရွယ်အိုများတွင်သာ ကျန်းမာရေးအခြေအနေဆိုးရွားကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

အောက်တိုဘာ ၅ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၁၈၈၉ ဦးရှိပြီး ယင်းအထဲတွင် ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၃၀၀ ကျော်နှင့် သေဆုံးသူ ၆ ဦးအထိရှိလာနေကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဗီဒီယိုများ