မြောက်ဦးတွင် ကိုဗစ်သတင်းအချက်များ သိရှိနိုင်ရန် စိုက်ထူထားသည့် ဆိုင်းဘုတ်အချို့ ဖျက်ဆီးခံရ

အင်တာနက်လိုင်းများ အဆင်မပြေသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ သတင်းအချက် အလက်များကို သိရှိနိုင်ရန် ဆိုင်းဘုတ် ၄၂ ခုကိုစိုက်ထူပြီး သတင်းအချက်အလက်များ ဖြန့်ဝေပေးလျက် ရှိသည်။

By ကျော်ချစ် 22 Oct 2020

Photo - MUYA

ကျော်ချစ် | DMG
အောက်တိုဘာ ၂၂ ၊ စစ်တွေ

အင်တာနက်လိုင်းများ အဆင်မပြေသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ သတင်းအချက် အလက်များကို သိရှိနိုင်ရန် ဆိုင်းဘုတ် ၄၂ ခုကိုစိုက်ထူပြီး သတင်းအချက်အလက်များ ဖြန့်ဝေပေးလျက် ရှိသည်။

ယင်းသို့ ကိုဗစ်သတင်းအချက်များ သိရှိနိုင်ရန် စိုက်ထူထားသည့် ဆိုင်းဘုတ်အချို့ ဖျက်ဆီးခံရမှုများ ရှိခဲ့ကြောင်း မြောက်ဦးလူငယ်များအစည်းအရုံး(MUYA) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကိုမိုးဇော်က ပြောသည်။

“ဆိုင်းဘုတ် ၃ ခုဖျက်ဆီးခံရတာ၊ ၂ ခုကအများဖျက်ဆီးခံရတယ်၊ ကံလှရပ်ကွက်က ၁ တစ်ခု၊ အလယ်ဈေး လမ်းဆုံမှာ ၁ ခု၊ အလယ်ဈေးတံတားနားမှာ ၁ ခုပါ” ဟု ၎င်းကဆိုသည်။

အောက်တိုဘာ ၉ ရက်နေ့တွင် MUYA မှ စိုက်ထူထားသည့် ဆိုင်းဘုတ်နှစ်ခု၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် မြောက်ဦးမြို့နယ် ကိုဗစ်ပူးပေါင်းကာကွယ်ရေးကော်မတီ(CPACC)က စိုက်ထူထားသည့် ဆိုင်းဘုတ်တစ်ခုတို့ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဆိုင်းဘုတ်တွေကို မဖျက်ဆီးဖို့ မေတ္တာရပ်ခံချင်တယ်။ ဘာလို့လဲဆိုတော့ အင်တာနက်ကလည်း မရရှိတဲ့ အခါမှာ ဒီရောဂါနဲ့ပတ်သက်ပြီး မြောက်ဦးကလူတွေ သိအောင်ဆိုပြီး ကျနော်တို့က စေတနာနဲ့ လုပ်ပေးထားတာဖြစ်တယ်။ ဒီလိုမျိုးဆိုင်းဘုတ်တွေ လုပ်ခွင့်ရဖို့လည်း တခြားလူတွေဆီက အကူအညီတွေ အများကြီး တောင်းပြီးတော့ လုပ်ထားရတာ” ဟု ကိုမိုးဇော်က ဆိုသည်။

ကိုဗစ်-၁၉ သတင်းအချက်အလက်များ သိရှိနိုင်ရန် စိုက်ထူထားသည့် ဆိုင်းဘုတ်များကို ဖျက်ဆီးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိသဖြင့် တရားဥပဒေလမ်းကြောင်းဖြင့် ဆောင်ရွက်ရန် အခက်အခဲရှိ ကြောင်းလည်း ၎င်းကဆိုသည်။

ယခုကဲ့သို့ ဖျက်ဆီးခံရသည့်ဆိုင်းဘုတ်များအား ပြုပြင်ပြီး ပြန်လည်စိုက်ထူသွားမည်ဖြစ်ကြောင်း MUYA မှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ မြို့နယ်ကို ကြိုတင်အသိမပေးပဲ ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့က အင်တာနက်လိုင်းများဖြတ်တောက်ခဲ့သည်။

ယင်းသို့ အင်တာနက်လိုင်းများကို တစ်နှစ်ကျော်ကြာပိတ်ထားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်းက 2G သာ ပြန်ဖွင့်ပေးခဲ့သဖြင့် အသုံးပြု၍အဆင်မပြေဘဲ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ သတင်းအချက်များကို သိရှိနိုင်ရန် ဒေသခံများစွာ အခက်အခဲရှိနေကြသည်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်သတင်းအချက်များကိုသိရှိရန် အခက်အခဲ ရှိနေသဖြင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က စစ်ဘေးရှောင်ခစန်းများတွင် ရေဒီယိုများကို ဖြန့်ဝေပေးလျက် ရှိနေသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်ခန့်ကာလအတွင်း ရခိုင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည် ၂ သိန်း ၂ သောင်းကျော်အထိ ရှိလာနေကြောင်း REC ၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ