ကျည်ထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် အမျိုးသမီးနှစ်ဦးသေဆုံး

ကျည်ထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် အမျိုးသမီးနှစ်ဦးမှာ သေဆုံးသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

By မျိုးသီရိကျော် 14 Mar 2020

ကျည်ဆံထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် ဒေါ်နွယ်နွယ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် ယမန်နေ့က သေဆုံးသွားသည်။

မျိုးသီရိကျော် |DMG
မတ် ၁၄ ၊ စစ်တွေ

ကျည်ထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် အမျိုးသမီးနှစ်ဦးမှာ သေဆုံးသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

အသက် (၅၆)နှစ်အရွယ် ဒေါ်သန်းအေးကြည်မှာ လည်ပင်းတွင် ဒဏ်ရာရရှိသွားသဖြင့် ဆေးကုသမှုခံယူနေစဉ် ယနေ့ မတ်လ ၁၄ ရက်နေ့၊ နံနက် ၅ နာရီခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်။ အသက် (၄၀)နှစ်အရွယ် ဒေါ်နွယ်နွယ်ဦးမှာလည်း ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိသွားသဖြင့် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့ ညနေ ၁၀ နာရီခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များထံက သိရသည်။

“အစ်မတစ်ယောက်ဆုံးသွားလို့ ကျမအရမ်းခံစားရပါတယ်။ ကျမအစ်မကို ရွာကိုပဲယူသွားချင်တယ်။ ဒီမှာထား ရင်ကျမတို့ပဲ မြင်ရမှာလေ။ ရွာကို အတတ်နိုင်ဆုံး ယူသွားချင်တယ်။ မိသားစုတွေအနေနဲ့ အလောင်းကိုမြင် စေချင်ပါတယ်” ဟု ဒေါ်သန်းအေးကြည်၏ညီမ ဒေါ်မလုံးချေက ပြောသည်။

ဒေါ်သန်းအေးကြည်မှာ မြောက်ဦးမြို့နယ်၊ ဘူးရွက်မညှိုးကျေးရွာမှဖြစ်ပြီး တိမ်ညိုတိုက်နယ်ဆေးရုံတွင် လူနာစောင့်နေစဉ် ဆေးရုံကိုပစ်ခတ်ခံရသဖြင့် ကျည်ထိမှန်သွားခြင်းဖြစ်သည်။ ယနေ့ နံနက်ပိုင်းတွင် ၎င်းကို စစ်တွေဆေးရုံကြီးမှတစ်ဆင့် မြောက်ဦးမြို့သို့ ယူဆောင်သွားသည်။

ဒေါ်နွယ်နွယ်ဦး၏ ရုပ်အလောင်းကို ရွာသို့ယူဆောင်ရန် အခက်အခဲရှိသောကြောင့် ယနေ့ မွန်းလွဲ ၁၂ နာရီတွင် စစ်တွေမြို့ သုဿန်တွင် သင်္ဂြိုလ်မည်ဟု ဖခင်ဖြစ်သူ ဦးကျော်သိန်းလှက ပြောသည်။

“သူ့အလောင်းကို ရွာကိုယူသွားလို့လည်း မရဘူး။ အခက်ခဲတွေဖြစ်မှာ။ စစ်သားတွေက လူစုလူဝေးကို ပစ်ခတ်ကြတယ်။ သမီးတယောက်ဆုံးသွားတာဟာ အဖေ့လက်မောင်းတစ်ချောင်း ပြတ်သွားသလိုမျိုး ခံစားရတယ်။ သမီးကြီးက အဖေတို့ကို လုပ်ကျွေးနေတာ။ အခု သူမရှိရင် ဘယ်သူလုပ်ကျွေးမှာလဲ”ဟု ၎င်းကဆိုသည်။

၎င်းတို့မှာ တပ်မတော်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခြင်းဟု ဒေသခံများကပြောဆိုကြသည်။ ထိုပြောဆိုချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာတွင် ဖုန်းစက်ပိတ်ထားသည်။

မတ်လ ၁၃ ရက်နေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မြောက်ဦးမြို့နယ်၊ တိမ်ညို၊ ပေါင်းတုတ်၊ တောင်ဦး၊ ကျောက်တော်မြို့နယ်၊ သာစည်၊ သိန်းတန်ကျေးရွာတို့မှ အရပ်သား (၃)ဦးသေဆုံးသွားပြီး အရပ်သား (၃၀)ဦး ဒဏ်ရာရရှိသွားသည်။ ဒဏ်ရာရရှိသူများအနက် အမျိုးသမီးနှစ်ဦးမှာ ယနေ့ ထပ်မံသေဆုံးသွားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင်တပ်မတော်နှင့်ရက္ခိုင်တပ်တော် (AA)တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အရပ်သားသေဆုံးမှု(၁၃၀) ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၆၀)ကျော်အထိရှိလာနေကြောင်းရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ် ရန်ကုန်)စာရင်းအရသိရသည်။

ကျည်ဆံထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် ဒေါ်နွယ်နွယ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် ယမန်နေ့က သေဆုံးသွားသည်။

ဗီဒီယိုများ