တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မြောက်ဦး-ကျောက်တော်ကြား ကားလမ်းတွင် ကားများ ယာယီပိတ်မိနေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နှင့် အုတ်ဖော်ကန်ကျေးရွာကြားတွင် ယနေ့ (ဇူလိုင်လ ၃၀ ရက်နေ့) နံနက် ၅ နာရီကျော်အချိန်က တပ်မတော်နှင့် အေအေတို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By အောင်ထိန် 30 Jul 2020

အောင်ထိန် | DMG
ဇူလိုင် ၃၀ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နှင့် အုတ်ဖော်ကန်ကျေးရွာကြားတွင် ယနေ့ (ဇူလိုင်လ ၃၀ ရက်နေ့) နံနက် ၅ နာရီကျော်အချိန်က တပ်မတော်နှင့် အေအေတို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးတစ်ဝိုက်တွင် တပ်မတော်မှ ရှင်းလင်းရေးဆောင်ရွက်နေသဖြင့် ကားများသွားလာခွင့်မရဘဲ ယာယီပိတ်မိနေသည်ဟု မြောက်ဦး-စစ်တွေခရီးစဉ်ပြေးဆွဲနေသည့် ကားဆရာ တစ်ဦးက ပြောသည်။

လက်ရှိမှာ ရန်ကုန်-စစ်တွေအဝေးပြေးယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ကားများ စုစုပေါင်း အစီးရေ ၁၀၀ ကျော် ပိတ်မိလျက်ရှိနေကြောင်း သိရသည်။

“သွားလို့လည်းမရဘူး။ ကားသမားတွေအကုန်လုံး ထမင်းလည်းငတ်ကုန်ပြီး။ ကားကဆင်းပြီးတော့လည်း မကြည့်ရဲဘူး။ ဒီနေ့မှဒီလိုမျိုးဖြစ်တယ်၊ ဘယ်တတ်နိုင်မလဲ။ ကျွန်တော်ကတော့ အခုဝေသာလီနားမှာ ပိတ်မိ နေတာ” ဟု ရန်ကုန်-စစ်တွေပြေးဆွဲနေသည့် ကားဆရာတစ်ဦးကပြောသည်။

မြောက်ဦး-ကျောက်တော်ကားလမ်းတွင် ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်မှ နေ့လည် ၁၂ နာရီ အချိန်ထိ ကားများသွားလာခွင့်မရရှိသေးကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “အဲဒီနားမှာ ဒီနေ့မနက်ပိုင်းက တိုက်ပွဲ ဖြစ်တယ်လို့ကြားတယ်။ ကားတွေကရပ်ဆိုင်းထားတုန်းပဲ” ဟု ပြောသည်။

၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းကလည်း မြောက်ဦး-ကျောက်တော် ကားလမ်းမတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်တင်ကားများအပါအဝင် စုစုပေါင်းကားအစီးရေ ၁၀၀ ခန့်သည် ပိတ်မိခဲ့သည်။

ကားလမ်းမအနီးတိုက်ပွဲဖြစ်ပွားမှုများကြောင့် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ကားများယာယီ ပိတ်ဆို့မှု မကြာခဏဖြစ်ပွားကာ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးလျက်ရှိကြောင်း သိရသည်။

ယခု(ဇူလိုင်လ) ၂၀ ရက်နေ့ကလည်း မင်းပြားမြို့နယ် ရာမောင်တံတားအနီး ရန်ကုန်-စစ်တွေ ကားလမ်းမ ပေါ်တွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ