မြောက်ဦးတွင် AA မှ တရားခံပြေးအမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိဟု တပ်မတော် ထုတ်ပြန်၊ မိသားစုဝင်များငြင်းဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် (AA)မှ တရားခံပြေး အမျိုးသမီးတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

By နှင်းနွယ် 10 Nov 2020

မြောက်ဦးမြို့မှ စစ်ဘေးရှောင်စခန်းတစ်ခု

နှင်းနွယ် | DMG
နိုဝင်ဘာ ၁၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် (AA)မှ တရားခံပြေး အမျိုးသမီးတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၆ ရက်နေ့က မြို့ဦးခေါင်း ဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်း၌ စစ်ဆေးမှုများပြုလုပ်စဉ် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းမြောက်ဦးမြို့အနီးရှိ နယ်မြေခံရဲတပ်ဖွဲ့ စခန်းအား AA မှ တိုက်ခိုက်သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကြမ်းဖက်ဥပဒေပုဒ်မ၊ ၅၀-ဃ/ဈ/၅၄ အမှုမှ တရားခံပြေးအမှတ်(၂၇/၂၀၁၉)ဖြင့် ကြေညာခံထားရသူ တရားခံပြေး မလှတင်နု လက္ကာကျေးရွာနေသူအား ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် မိသားစုဝင်များက ဒေါ်လှတင်နုဆိုသူမှာ မြို့ဦးခေါင်းစစ်ရှောင်စခန်း၌ နေထိုင်နေသည်မှာ (၂)ရက် ခန့်သာရှိသေးပြီး အေအေအဖွဲ့နှင့် လုံးဝပတ်သက်မှုမရှိဘဲ မိသားစုကို ရိုးသားစွာအလုပ်အကျွေးပြုနေသူ တစ်ဦးသာဖြစ်ကြောင်း ဒေါ်လှတင်နု၏သမီးဖြစ်သူ မအေးမှုံချေက DMG သို့ပြောသည်။

“ရွာကလူတွေ အကုန်ထွက်ပြေးလာကတည်းက သူကမြောက်ဦးမြို့ထဲမှာ အိမ်ငှားပြီး သူ့အဖေနဲ့အမေကို လုပ်ကျွေးနေတာ။ ပြီးမှအိမ်ငှားနေရတာ အဆင်မပြေလို့ဆိုပြီး ဒီကိုရောက်လာတာ။ သူက မိအိုဖအိုနှစ်ပါးနဲ့ ကျမတို့ကို ရိုးရိုးသားသား ရှာကျွေးနေတာ။ (AA)အဖွဲ့နဲ့ပတ်သက်တယ်ဆိုတာကလည်း သူတို့ (တပ်မတော်)ဖက်က စွပ်စွဲပြီးပြောတာ အပြစ်မရှိဘဲ ဖမ်းခေါ်သွားတာဆိုတော့ အရမ်းစိတ်ပူမိတယ်။ ကျမတို့ ကလည်း သူ့ကိုပဲအားကိုးနေရတာ’’ ဟု ၎င်းကပြောသည်။

နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါစစ်ဘေးရှောင်စခန်းသို့ အိမ်ထောင်စုစာရင်းများ လာရောက်စစ်ဆေး၍ပြန်သွားပြီးနောက် ခဏအကြာတွင် ရဲမေတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပြန်လည်ရောက်ရှိလာကာ ၎င်းအားဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

ယင်းနောက် မလှတင်နုအား မြောက်ဦးမြို့မရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားပြီး တရားခံပြေးဖြင့် အမှုဖွင့်ထား ကြောင်းလည်း လက္ကာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ညွှန့်က ပြောသည်။

“သူ့ကို မနေ့ကရမန်ယူတယ်။ ကျနော်နဲ့ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့နှစ်ယောက် ရဲစခန်းကိုသွားခဲ့တယ်။ ကျနော်ကတော့ အပြင်မှာကျန်ခဲ့တယ်။ နောက်တစ်ယောက်ကတော့ အထဲကိုဝင်ပြီး အဖမ်းခံရတဲ့ အမျိုးသမီးနဲ့တွေ့ခွင့်ရခဲ့တယ်’’ ဟု ၎င်းကပြောသည်။

အဆိုပါတရားခံအမျိုးသမီးအား စစ်တွေတရားရုံးသို့လွှဲပြောင်းပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တပ်မတော်ကဆိုထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှုကာလအတွင်း သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် အမျိုးသမီးစုစုပေါင်း(၇)ဦးထိရှိလာနေပြီး ယင်းထဲတွင် ကျောက်ဖြူမြို့နယ်မှ (၃)ဦး၊ တောင်ကုတ်မြို့နယ်မှ(၁)ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ (၁)ဦး၊ ကျောက်တော်မြို့နယ်မှ (၁)ဦးနှင့် မြောက်ဦး မြို့နယ်မှ (၁)ဦးတို့ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက မြောက်ဦးမြို့အနီးရှိ ရဲတပ်ရင်းဌာနချုပ်နှင့် လေးမြို့မြစ်အနီး တပ်မတော်က ယာယီစခန်းချထားသော တပ်စခန်းတစ်ခုအား ရက္ခိုင့်တပ်တော်(AA)က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့အချို့နှင့် ရဲမိသားစုဝင်အချို့ သေဆုံးဒဏ်ရာရရှိမှုများရှိခဲ့ကာ တပ်မတော်သားအချို့လည်း ကျဆုံးဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ