မြောက်ဦးလက်ကောက်ဈေးရပ်ကွက်မှ စစ်ဘေးရှောင်တစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်ရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

By နှင်းနွယ် 16 Oct 2020

နှင်းနွယ် | DMG
အောက်တိုဘာ ၁၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်ရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံထားရသူမှာ အုတ်ဖိုကန်ကျေးရွာသားတစ်ဦးဖြစ်သည့် ကိုကျော်တင် (၃၆)နှစ်ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

၎င်းမှာ အောက်တိုဘာလ ၁၄ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်က မြောက်ဦးမြို့၊ ထမရာဇ်ရပ်ကွက်ရှိ အဝေးပြေး ကားဂိတ်မှပြန်လာစဉ် ငွေတောင်ပေါက်တံတားအနီးရှိ စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကိုကျော်တင်၏ ဖခင်ဖြစ်သူ ဦးမောင်သန်းချေက DMG သို့ပြောသည်။

“ကျနော့်သားက အဲဒီနေ့က ကားဂိတ်ဖက်ကိုသွားတာ။ ဘာကိစ္စကြောင့်သွားလဲဆိုတာတော့ ကျနော်လည်း မသိဘူး။ ကင်းသမားတွေကလည်း အဲဒီအချိန် ကင်းထွက်လှည့်နေကြပြီ။ ကင်းသမားတွေက သူ့ကိုပြန်လာအုံး မလားမေးတော့ သူကမလာတော့ဘူးလို့ဖြေခဲ့တယ်တဲ့။ ညအချိန်ရောက်မှ အရက်တွေသောက်ပြီး ပြန်လာတော့ ဂိတ်မှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းသွားကြတာ” ဟု ၎င်းကပြောသည်။

ထို့နောက် ၎င်းအား မြောက်ဦးမြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သတင်းကြားသိရသဖြင့် မိသားစုဝင်များက သွားရောက်ခဲ့ရာ ရဲစခန်းထဲသို့ ဝင်ခွင့်မရခဲ့ကြောင်း သူကဆက်ပြောသည်။

“ကျနော်တို့ လိုက်သွားတော့ အထဲကိုမဝင်ရဘဲ အပြင်ကပဲနေရတယ်။ ခဏနေတော့ ရဲစခန်းကတစ်ယောက်က သူ့ကိုဒီနေ့ဘာမှမစစ်သေးဘူး။ ပြန်လို့ရပြီပြောလို့ ကျနော်တို့ပြန်လာတဲ့နောက်ပိုင်းမှာ ကျနော့်သားကို ကားနဲ့ မြို့ထဲကိုတင်ခေါ်လာတယ်။ ပြီးတော့ တရားရုံးဟောင်းမှာ ခဏလေးတွေ့ခွင့်ပေးတယ်။ ကျနော့်သားကို ညမထွက်ရအမိန့်နဲ့ ငြိစွန်းတဲ့အတွက် ဖမ်းတာလို့တော့စခန်းကပြောလိုက်တယ်”  ဟု ဦးမောင်သန်းချေက ဆိုသည်။

ကိုကျော်တင်ဆိုသူမှာ အုတ်ဖိုကန်ကျေးရွာရှိ ဆေးဝါးကွပ်ကဲရေးရုံး(FDA)မှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယခုဖြစ်စဉ်များနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မြောက်ဦးမြို့မရဲစခန်းသို့ DMG က ဖုန်းဖြင့် ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

မြောက်ဦးမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း ညအချိန်ငါးမြှုံးထောင်ပြီးပြန်လာသည့် ညီကိုနှစ်ဦးအား ငွေတောင်ပေါက်တံတားအနီးရှိ စစ်ဆေးရေးဂိတ်မှ သေနတ်ဖြင့်လှမ်းပစ်ခတ်ခဲ့သဖြင့် တစ်ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးဖမ်းဆီးခံခဲ့ရသည်။

ဗီဒီယိုများ