မြောက်ဦး မောက်တော်တံခါး ပြန်လည်ထိန်းသိမ်းရေး အရေးပေါ်ရန်ပုံငွေတောင်းထား

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မောက်တော်တံခါးကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် အရေးပေါ်ထိန်းသိမ်းရေးရန်ပုံငွေကို စာရင်းဇယားများပြုလုပ်ပြီး စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်သို့ တင်ပြထားကြောင်း သိရသည်။

By ကျော်သူဋ္ဌေး 13 Sep 2019

ကျော်သူဌေး | DMG

စက်တင်ဘာ ၁၃ ၊ စစ်တွေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မောက်တော်တံခါးကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် အရေးပေါ်ထိန်းသိမ်းရေးရန်ပုံငွေကို စာရင်းဇယားများပြုလုပ်ပြီး စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်သို့ တင်ပြထားကြောင်း သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါ ရှေးဟောင်းမောက်တော်တံခါး၏ ညာဘက်အခြမ်းမှာ ထက်ဝက်ခန့်ပြိုကျသွားခဲ့ပြီး မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းနိုင်ရန် ရန်ပုံငွေ တောင်းခံထားခြင်းဖြစ်ကြောင်း မြောက်ဦးရှေးဟောင်းသုသေသနဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဆိုသည်။

“ရှေးဟောင်းသုတေသနရဲ့ ထိန်းသိမ်းရေးလက်စွဲ၊ လိုက်နာရမယ့် စည်းမျည်းစည်းကမ်းများအတိုင်း မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းထားနိုင်ဖို့ရန်ပုံငွေရရန် ကျွန်တော်တို့က နေပြည်တော်ကို တင်ပြထားတယ်” ဟု ဒေါက်တာသန်းထိုက်က DMG ကို ပြောသည်။

၎င်းမောက်တော်တံခါးကို မြောက်ဦးခေတ်တွင် ကျောက်နှင့်တည်ဆောက်ထားခြင်းဖြစ်ပြီး ရှေးဟောင်းအမွေအနှစ် အဆောက်အဦးတစ်ခုဖြစ်သည်။

လက်ရှိပျက်စီးသွားသည့်နေရာအား ယခုခေတ်အုတ်နှင့် တည်ဆောက်၍မရသဖြင့် ရှေးဟောင်းအမွေအနှစ်များ မပျက်စီးရန် ပြန်လည်ထိန်းသိမ်းနိုင်ရေး အရေးပေါ်ရန်ပုံငွေရလျှင် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာသန်းထိုက်က ပြောသည်။

မောက်တော်တံခါးပြိုကျမှုမှာ အချိန်မီမထိန်းသိမ်းခဲ့သဖြင့် ပြိုကျသွးခဲ့ခြင်းဖြစ်ကြောင်း မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကဆိုသည်။

“ကျွန်မကမြင်ပြီးသား ဘယ်လောက်အက်ကွဲလို့ရှိရင် မိုးရေဝင်ရင် ပြိုနိုင်တယ်ဆိုတာ။ ရှင်းရှင်းပြောမယ်ဆိုရင်တော့ လိုက်မနိုင်ဘူး။ အလုပ်နဲ့လိုက်မနိုင်ဘူး။ မောက်တော်က ဘာကြောင့်ပြိုလဲဆိုတော့ အချိန်မီ မထိန်းသိမ်းလို့ ပြိုကျတယ်” ဟု ၎င်းကပြောသည်။

မောက်တော်တံခါးသည် မြောက်ဦးမြို့ စပါးဆိပ်ရပ်ကွက်ရှိ လယ်ကွယ်တောင်နှင့် ရသေ့တောင်ကြားတွင်ရှိပြီး မြောက်ဦးမြို့ကို ဝင်ထွက်နိုင်ရန် တံခါးပေါင်း ၃၀ ကျော်အထိရှိခဲ့သည့်အထဲမှ အကောင်းအတိုင်း ကျန်ရှိနေသေးသော တံခါးတစ်ခုလည်းဖြစ်သည်။

မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာ မြို့တစ်မြို့ဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

ဗီဒီယိုများ