ရှေးဟောင်းဘုရားပုထိုးများအနီးတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကို ထိရောက်စွာကိုင်တွယ်ရန်လိုအပ်နေ

ရခိုင်ပြည် ရှေးဟောင်းမြို့မြောက်ဦးတွင် လူအရောက်နည်းသည့် ရှေးဟောင်းဘုရားပုထိုးပရဝုဏ်၊ တံတိုင်း၊ လက်ဆည်ကန် ပတ်ဝန်းကျင်များတွင် မူးယစ်ဆေးဝါးကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲသူ ရှိလာနေကြောင်း ဒေသခံများထံမှသိရသည်။

29 Nov 2021

DMG ၊ နိုဝင်ဘာ ၂၉

ရခိုင်ပြည် ရှေးဟောင်းမြို့မြောက်ဦးတွင် လူအရောက်နည်းသည့် ရှေးဟောင်းဘုရားပုထိုးပရဝုဏ်၊ တံတိုင်း၊ လက်ဆည်ကန် ပတ်ဝန်းကျင်များတွင် မူးယစ်ဆေးဝါးကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲသူ ရှိလာနေကြောင်း ဒေသခံများထံမှသိရသည်။

ယခင်က မူးယစ်ဆေးဝါးသုံးစွဲသူနည်းပါးခဲ့သော်လည်း တိုက်ပွဲနှင့် ကိုဗစ်ဖြစ်ပြီးနောက် ရှေးဟောင်းဘုရားပုထိုးများနှင့် လူသွားလူလာနည်းပါးသည့်နေရာများတွင် မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာခြင်း ဖြစ်သည်။

“ဆေးသုံးစွဲသူတွေက တစ်ယောက်တည်း မှောင်ရိပ်ခိုပြီးတော့ သုံးတာတွေရှိတယ်၊ လူအရောက်အပေါက်နည်းတဲ့ နေရာတွေဆီသွားပြီး ဆေးသုံးစွဲတာတွေရှိတယ်။ မြောက်ဦးမြို့မှာ မူးယစ်ဆေးပြဿနာက အရမ်းကိုဆိုးရွားနေပါပြီ။ စီမံချက်တစ်ခုအနေနဲ့ ဒီကိစ္စကို ဖြေရှင်းဆောင်ရွက်သင့်တယ်“ဟု မြောက်ဦးရှေးဟောင်းထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။

မိဘများအနေဖြင့်လည်း သားသမီးများကို မူးယစ်ဆေးမသုံးစွဲနိုင်ရန် သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း အသိပညာပေးမှုများကို ဆောင်ရွက်ခြင်းတို့ဖြင့် ပူးပေါင်းဖြေရှင်းရန်လိုအပ်သည်ဟု ဒေါ်ခင်သန်းက ဆက်ပြောသည်။

ယင်းသို့ ဘုရား၊ပုထိုးအနီးတွင် မူးယစ်ဆေးဝါးသုံးစွဲမှုမှာ မသင့်တော်သည့်အတွက် ဆေးသုံးစွဲမှုပပျောက်ရန်အတွက် အာဏာပိုင်များအနေဖြင့် ထိရောက်စွာတားဆီးနှိမ်နင်းရန် လိုအပ်နေပြီဖြစ်ကြောင်း လူမှုအဖွဲ့အစည်းများနှင့်ဒေသခံများက ထောက်ပြပြောဆိုကြသည်။

မြောက်ဦးလူငယ်များအစည်းအရုံး(MUYA)မှ အဖွဲ့ဝင် ကိုသန်းစိုးက “မူးယစ်ဆေးအလွယ်တကူဝယ်ယူလို့ရနေတာကြောင့် အခုလိုဆေးသုံးစွဲမှုတွေများလာတာ။ အစိုးရအနေနဲ့လည်း မူးယစ်ဆေးနဲ့ပတ်သက်ပြီးတော့ လှုပ်ရှားဆောင်ရွက်မှုတွေ အရမ်းအားနည်းတယ်။ တခါတလေဘုရားသွားရင်း ဆေးသုံးနေသူတွေကိုတွေ့ရတယ်။ ကျနော်တို့အနေနဲ့ ဘာမှမပြောရဲဘူး။ ဒေသ အာဏာပိုင်တွေမပါဘဲနဲ့တော့ ကျနော်တို့က ဘာမှလုပ်လို့ရမှာမဟုတ်ဘူး”ဟု ပြောသည်။

မူးယစ်ဆေးသုံးစွဲခြင်းနှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတစ်ခုတည်းဖြင့် မြောက်ဦးမြို့က မူးယစ်ဆေးဝါးသုံးစွဲနေသူများကို ဆေးသုံးစွဲမှုရပ်တန့်အောင် လုပ်နိုင်မည်မဟုတ်ကြောင်း ကိုသန်းစိုးက ဆက်ပြောသည်။

မြောက်ဦးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲနေသူအများစုမှာ အသက် ၂၀ အောက် လူငယ်များဖြစ်ကြောင်း ဒေသခံမျာကပြောသည်။

ရှေးဟောင်းဘုရား၊ပုထိုးများတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် ဒေသနှင့် လူမျိုးဂုဏ်သိက္ခာကို ကျဆင်းစေနိုင်သည့်အတွက် မလုပ်သင့်သည့်လုပ်ရပ်ဖြစ်သည်ဟု မြောက်ဦးမြို့ ကိုးသောင်းဘုရားဂေါပကအဖွဲ့မှ ဦးစံထွန်းကျော်ကပြောသည်။

“ဒီလိုမျိုးလုပ်ရပ်တွေကို ဘုရားဖူးသူတွေအနေနဲ့ တွေ့ခဲ့ရင်လည်း ဘယ်လိုမှမသင့်တော်ပါဘူး။ ကျနော်တို့အနေနဲ့လည်း ဘုရားမှာ ဒီလိုလုပ်ရပ်မျိုးမဖြစ်ရအောင် အတတ်နိုင်ဆုံးထိန်းသိမ်းပေးပါတယ်“ဟု ဦးစံထွန်းကျော်ကဆိုသည်။

မူးယစ်ဆေးသုံးစွဲပြီး စွန့်ပစ်ထားခဲ့သည့် ရေသန့်ဗူးခွံများ၊ ဆေးထိုးအပ်များ၊ ပိုက်တံများနှင့် အခြားဆက်စပ်ပစ္စည်းများ ရှေးဟောင်းဘုရား၊ပုထိုးများအနီးတွင်ပြန့်ကြဲနေသည့်ပုံများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင်တင်ထားသည်ကို မကြာခဏမြင်တွေ့နေရသည်။

ယခုကဲ့သို့ မူးယစ်ဆေးသုံးစွဲခြင်းကို တားဆီးနှိမ်နှင်းရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် မည်သို့ဆောင်ရွက်နေသည်ကိုသိရှိနိုင်ရန် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

မြောက်ဦးမြို့တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က မူးယစ်ဆေးသုံးစွဲသည့် လူငယ် ၂၄ ဦးတို့ကို ရခိုင့်တပ်တော်(AA)မှဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဗီဒီယိုများ