မြောက်ဦးမှ ဘုရား၊ပုထိုးများတွင်ပေါက်နေသည့် အပင်နှင့်ရေညှိများကို ဓာတုဆေးဝါးအသုံးပြုပြီး ရှင်းလင်းမည်ဟုဆို

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသမှ ဘုရား၊ပုထိုး၊စေတီနှင့် သာသနိကအဆောက်အအုံများကို ထိခိုက်ပျက်စီးစေသည့် ညောင်ပင်၊ နွယ်ပင်၊ ရေညှိပင်နှင့် တခြားအပင်များကို လာမည့်ဇွန်လမှစတင်ကာ ဓာတုဆေးဝါးအသုံးပြုကာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

17 May 2022

DMG ၊ မေ ၁၇

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသမှ ဘုရား၊ပုထိုး၊စေတီနှင့် သာသနိကအဆောက်အအုံများကို ထိခိုက်ပျက်စီးစေသည့် ညောင်ပင်၊ နွယ်ပင်၊ ရေညှိပင်နှင့် တခြားအပင်များကို လာမည့်ဇွန်လမှစတင်ကာ ဓာတုဆေးဝါးအသုံးပြုကာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

မြောက်ဦးဒေသကို ယူနက်စကိုစာရင်းတင်သွင်းပြီးချိန်မှစပြီး အဆောက်အအုံများကို သန့်ရှင်းရေး ပြုလုပ်လျက်ရှိသည်။ သို့ရာတွင် သာသနိကအဆောက်အအုံများတွင် ပေါက်နေသောအပင်များကို စက်ကိရိယာများဖြင့်ရှင်းလင်းပါက ထိခိုက်ပွမ်းပဲ့စေနိုင်သဖြင့် ဓာတုဆေးဝါးများဖြင့် ရှင်းလင်းရခြင်းဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူများက ဆိုသည်။

အဆောက်အအုံပေါ် ပေါက်ရောက်နေသည့်အပင်နှင့် အနုလက်ရာပေါ်တွင်ပေါက်နေသည့် ရေညှိပင်များကို ရှင်းလင်းသည့်အခါ အက်ဆစ်ဓာတ်ပါဝင်သည့် (အမိုနီယမ်ဘိုင်ကာဗွန်နစ်အက်ဆစ်)နှင့် (ဆိုဒီယမ်ဘိုင်ကာ ဗွန်နစ်အက်ဆစ်) စသည့်ဓာတုဆေးများနှင့် ဆေးထိုးအပ်၊ ဂွမ်း၊ ပိုက်တံ၊ တစ်ချူးတို့ကိုအသုံးပြုကာ ရှင်းလင်းသွားမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကြည်လွင်ကပြောသည်။

“ကျနော်တို့က ပုဂံမှာလည်း ဒီနည်းလမ်းအတိုင်း အပင်တွေကိုရှင်းလင်းခဲ့ပါတယ်။ ယူနက်စကိုက ပညာရှင်တွေ ဆောင်ရွက်တဲ့အတိုင်း ဆောင်ရွက်ပါတယ်။ အဲဒီဆေးတွေကတော့ အမိုနီယမ်ဘိုင်ကာဗွန်အက်ဆစ်နဲ့ ဆိုဒီယမ်ဘိုင်ကာဗွန်နစ်အက်ဆစ်ဆေးတွေကို ရေနဲ့ဖျော်ပြီးတော့ ရေသောက်မြစ်ကို ဆေးထိုးအပ်နဲ့ လိုအပ်သလို ထိုးသွင်းပြီးတော့ သတ်တာပါ။ အသုံးပြုတဲ့ဆေးတွေမှာ အပြင်းစားမဟုတ်တဲ့အတွက် ကျောက်နဲ့ဆောက်တဲ့ အဆောက်အအုံတွေအတွက် ထိခိုက်စေနိုင်တာမရှိပါဘူး”ဟု ၎င်းကဆိုသည်။

ဓာတုနည်းပညာနှင့် ရှင်းလင်းစေသည့်နည်းလမ်းကို ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးပညာရှင်များက ဦးဆောင်ပြီး မြောက်ဦးအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့၊ ဂေါပကအဖွဲ့၊ မြောက်ဦးလူငယ်များအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဒေသခံများကိုလည်း သင်တန်းပို့ချခဲ့သည်ဟု ဦးကြည်လွင်ကပြောသည်။

ထိုသို့ရှင်းလင်းသည့်အခါ အပင်အရွယ်အစားပေါ်မူတည်ပြီး ဆေးသုံးစွဲရမည်ဖြစ်ကာ ဓာတုဆေးသုံးစွဲပြီးပါက လေဒဏ်၊ မိုးဒဏ်၊ ရေဒဏ်ခံနိုင်သည့်ဆေးဝါးများလည်း သုတ်လိမ်းပေးသွားမည်ဟုသိရသည်။

ယခုအခါ ရှင်းလင်းရမည့်အပင်အရေအတွက်၊ အဆောက်အအုံအရေအတွက်များကို စာရင်းကောက်ယူနေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်ကဆိုသည်။

“ဒါတွေအကုန်လုံးကတော့ ကမ္ဘာ့အမွေအနှစ် ဝင်ရောက်နိုင်ရေးအတွက်ပဲဖြစ်ပါတယ်။ အခုလောလောဆယ်တော့ အပင်စာရင်းတွေ၊ အဆောက်အအုံစာရင်းတွေကို ကောက်ခံနေပါတယ်။ ဇွန်လလောက်မှာစပြီးတော့ ဆောင်ရွက်သွားမှာပါ”ဟု ၎င်းကဆိုသည်။
လက်ရှိမြောက်ဦးမြို့ သန့်ရှင်းသာယာရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများပူးပေါင်းကာ အမှိုက်ကောက်ကမ်ပိန်းများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ယခုနှစ်စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ယူနက်စကိုမှပညာရှင်များက မြောက်ဦးယဉ်ကျေးမှုဒေသကို ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ်မှာ ယူနက်စကိုဝင်၊မဝင် ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ဗီဒီယိုများ