မြောက်ဦးခရိုင်တွင် စားဝတ်နေရေးအဆင်မပြေသည့် မိသားစုဝင်များကို လူငယ်အဖွဲ့အစည်းများမှ အခြေခံစားသောက်ကုန်များထောက်ပံ့

မြောက်ဦးခရိုင်တွင် ကိုဗစ်ကာလ၌ စားဝတ်နေရေးအဆင်မပြေသည့် မိသားစုဝင်များနှင့် လက်လုပ်လက်စားများကို အထောက်အပံ့ဖြစ်စေရန် လူငယ်အဖွဲ့အစည်းများက အခြေခံစားသောက်ကုန်များထောက်ပံ့ပေးနေကြောင်း သိရသည်။

19 Aug 2021

DMG ၊ သြဂုတ် ၁၉

မြောက်ဦးခရိုင်တွင် ကိုဗစ်ကာလ၌ စားဝတ်နေရေးအဆင်မပြေသည့် မိသားစုဝင်များနှင့် လက်လုပ်လက်စားများကို အထောက်အပံ့ဖြစ်စေရန် လူငယ်အဖွဲ့အစည်းများက အခြေခံစားသောက်ကုန်များထောက်ပံ့ပေးနေကြောင်း သိရသည်။

ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသူများ၊ လက်လုပ်လက်စားနှင့် အမျိုးသမီးများမှဦးဆောင်နေရသည့် မိသားစုဝင်များရှိသည့် ကျေးရွာ၊ ရပ်ကွက်များမှအိမ်ထောင်စုများကို စားဝတ်နေရေးအထောက်အပံ့ဖြစ်စေရန်ရည်ရွယ်ပြီး အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည်တို့ကို ထောက်ပံ့ခြင်းဖြစ်သည်ဟု မင်းပြားမြို့နယ်လူငယ်အဖွဲ့အစည်း(MBYA) ဥက္ကဋ္ဌ ကိုနေငြိမ်းချမ်းကပြောသည်။

“ဒီကာလမှာ အပြင်ထွက်ပြီး အလုပ်လည်းမလုပ်ရဘူး။ Stay at Home ကာလကိုလည်း ထပ်တိုးထားတယ်ဆိုတော့ တစ်ရက်လုပ်မှတစ်ရက်စားရတဲ့ လက်လုပ်လက်စားတွေ၊ လင်မရှိတဲ့ မုဆိုးမအိမ်တွေ၊ အိမ်ထောင်ကျပြီးအလုပ်အကိုင်မရှိသူတွေ၊နာတာရှည်ရောဂါဖြစ်နေတဲ့အိမ်တွေ၊ မသန်စွမ်းသူတွေရှိတဲ့ ဒီလိုမျိုးအိမ်တွေကို ဦးစားပေးပြီးတော့ထောက်ပံ့ပါတယ်။ သူတို့အနေနဲ့လည်း ဒီကာလမှာ အထောက်အပံ့ဖြစ်သွားအောင်လို့ပေါ့“ ဟု ဆိုသည်။

မင်းပြားလူငယ်အဖွဲ့အစည်းများအနေဖြင့် လက်ရှိအချိန်ထိ မင်းပြားမြို့နယ်မှ ကျေးရွာပေါင်း ၁၀ ကျော်နှင့် စစ်ဘေးရှောင်စခန်း ၂ ခုမှ စားဝတ်နေရေးအဆင်မပြေသည့် မိသားစု ၅၀၀ ကျော်ကို ထောက်ပံ့ပေးထားပြီး ကိုဗစ်ရောဂါမပျောက်ကင်းသရွှေ့ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကိုနေငြိမ်းချမ်းက ဆက်ပြောသည်။

အလားတူ မြောက်ဦးလူငယ်များအစည်းအရုံးအနေဖြင့်လည်း မြို့ပေါ်မှ မိသားစုဝင် ၅၀၀ ခန့်၊ တိန်ညိုစစ်ဘေးရှောင်စခန်း၊ နားကန်စစ်ဘေးရှောင်စခန်းနှင့် ပုဇွန်ဖယ်စစ်ဘေးရှောင်စခန်းတို့ကို ငွေကျပ်သိန်း ၁၅၀ ကျော်တန်ဖိုးရှိသည့် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးထားသည်ဟု မြောက်ဦးလူငယ်များအစည်းအရုံး(MUYA) ဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်ကပြောသည်။

“ကိုဗစ်ကာလလည်းဖြစ်တဲ့အတွက် ကျန်းမာရေးနှင့်ပတ်သက်ပြီး ကာကွယ်ရေးအပိုင်းမှာ လှူဒါန်းတာတွေများကြတယ်။ အဲဒီဖက်မှာ ထောက်ပံ့တာတွေကိုလည်းဝမ်းသာပါတယ်။ ပြောချင်တာက အဲဒီဖက်ကိုလည်းထောက်ပံ့ကြ၊ ကိုယ်မြို့ကိုယ့်ရွာမှာရှိတဲ့ဆင်းရဲနွမ်းပါးတဲ့မိသားစုကို ထောက်ပံ့ဖို့လိုအပ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့သူတွေကို ထောက်ပံ့တဲ့အပိုင်းမှာ မရှိသလောက်နည်းပါးတယ်။ ဒီကာလမှာ အကုန်လုံးက မျှမျှတတသွားရမဲ့အချိန်ဖြစ်တယ်။ အားလုံးက အခက်အခဲဖြစ်နေကြတဲ့အချိန်ဖြစ်တယ်“ဟု ကိုခိုင်မင်းသျှင်ကဆိုသည်။

ကိုဗစ်ကာလတွင် အလှူရှင်များအနေဖြင့်လည်း ကိုဗစ်ကျန်းမာရေးနှင့် ကာကွယ်မှုအပိုင်းတွင် လှူဒါန်းမှုများပြားနေကြပြီး တဖက် စစ်ဘေးရှောင်စခန်းနှင့် စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် မိသားစုဝင်များကိုထောက်ပံ့မှုနည်းနေခြင်းဖြစ်သည်။

မြောက်ဦးခရိုင်တစ်ခုတည်းမဟုတ်ပဲ တခြားမြို့နယ် ခရိုင်များတွင်လည်း စားဝတ်နေရေးအဆင်မပြေသည့် မိသားစုဝင်များကို ဝိုင်းဝန်းထောက်ပံ့ပေးရန်လိုအပ်ကြောင်းလည်း ကိုခိုင်မင်းသျှင်က တိုက်တွန်းပြောဆိုသည်။

လက်ရှိထောက်ပံ့ပေးနေသည့် လူငယ်အဖွဲ့အစည်းများမှာ ပြည်တွင်းပြည်ပ၊ ပုဂ္ဂလိကအလှုရှင်များ၏ လှူဒါန်းငွေဖြင့် ထောက်ပံ့ပေးနေကြခြင်းဖြစ်ပြီး ဆက်လက်ထောက်ပံ့ပေးနိုင်ရန်အတွက်လည်း အလှူရှင်များလိုအပ်သည်ဟု ပြောဆိုကြသည်။  

ကျောက်တော်လူငယ်အစည်းအရုံးများအနေဖြင့်လည်း တောင်မင်းစစ်ဘေးရှောင်စခန်းကို ဆန်ရိက္ခာနှင့် ကိုဗစ်ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးရန်လျာထားကြောင်း ဒု-ဥက္ကဋ္ဌ ကိုအောင်ဟိန်းလင်းကပြောသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှမြို့နယ်ရှိစစ်ဘေးရှောင်စခန်းများတွင် ဆန်၊ ဆီ၊ ဆား စသည့်အခြေခံစားနပ်ရိက္ခာများကို ၆ လတာအထိ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဗီဒီယိုများ