ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူဒေသခံနှစ်ဦးအမှု တရားလိုဖက်မှ ရုံးချိန်းပျက်ကွက်နေ

ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာမှ ဒေသခံလူငယ်(၂)ဦးမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရပြီး အမှုအား စစ်ဆေးရန် ရုံးချိန်း(၄)ကြိမ်ထိ ချိန်းဆိုခဲ့သော်လည်း တရာလိုဖက်မှ လာရောက်ခြင်းမရှိသည့်အတွက် အမှုအား စတင်စစ်ဆေးခြင်း မလုပ်နိုင်သေးကြောင်း မိသားစုဝင်များကပြောသည်။

23 Sep 2022

DMG ၊ စက်တင်ဘာ ၂၃

ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာမှ ဒေသခံလူငယ်(၂)ဦးမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရပြီး အမှုအား စစ်ဆေးရန် ရုံးချိန်း(၄)ကြိမ်ထိ ချိန်းဆိုခဲ့သော်လည်း တရာလိုဖက်မှ လာရောက်ခြင်းမရှိသည့်အတွက် အမှုအား စတင်စစ်ဆေးခြင်း မလုပ်နိုင်သေးကြောင်း မိသားစုဝင်များကပြောသည်။

တရားစွဲဆိုခံထားရသူ(၂)ဦးမှာ ကိုစိုင်းဝဏ္ဏကျော်နှင့် တက္ကသိုလ် ကျောင်းသား မောင်ထွန်းထွန်းဇော်တို့ဖြစ်ကြပြီး ဇွန်လ(၂၄)ရက်နေ့က ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်သွယ်ထားသည့် အချက်အလက်များအား ဖုန်းထဲတွင်တွေ့ရှိသည်ဟုဆိုကာ မြန်မာစစ်တပ်မှ ဖမ်းဆီးပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။

စက်တင်ဘာလ(၂၂)ရက်နေ့ ရုံးချိန်းတွင်လည်း တရားလိုဖက်မှ လုံခြုံရေးအခြေအနေကြောင့် လာရောက်ခြင်းမရှိသည့်အတွက် အမှုအား စစ်ဆေးခြင်းမလုပ်ဆောင်ခဲ့ရကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်သန္တာကဆိုသည်။

"တရားလိုက လုံခြုံရေးအခြေအနေကြောင့် မလာနိုင်ဘူးလို့ပြောတယ်။ အဲဒါကြောင့် အမှုကို စစ်ဆေးတာမလုပ်ခဲ့ရဘူးပေါ့။ နောက်ထပ်ရုံးချိန်းကတော့ အောက်တိုဘာ (၆)ရက်နေ့ကို ထပ်ချိန်းထားပါတယ်"ဟု ၎င်းကပြောသည်။

အဆိုပါအမှုကို စနဲမြို့ရဲစခန်းမှ စခန်းမှူး ဝင်းဇော်ထွန်းမှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားပြီး အမှုအားစစ်ဆေးရန်အတွက် ရုံးချိန်းရောက်မလာသည်မှာ (၄)ကြိမ်မြောက်ထိရှိခြင်းကြောင့် ဖမ်းဆီးခံ ပြည်သူများအနေဖြင့် နစ်နာမှုရှိနေသည်ဟု ကိုစိုင်းဝဏ္ဏကျော်၏ အစ်ကိုဖြစ်သူကပြောဆိုသည်။

"ဒီတစ်ကြိမ်လည်း တရားလိုဖက်က မရောက်ပြန်ဘူး။ လုံခြုံရေးအခြေအနေ စိုးရိမ်ရလို့ မလာဘူးလို့ပြောတယ်။ အခုလို ရုံးချိန်းခေါ်လိုက် တရားလိုက မလာလိုက်လုပ်နေတော့ ကျနော်တို့ဖက်က နစ်နာမှုတွေ အများကြီးရှိလာနေတယ်။ ရုံးချိန်းတစ်ခါသွားရင် ကျနော်တို့တွေမှာလည်း တစ်သိန်းနီးပါးလောက်ထိ ကုန်ကျငွေတွေရှိနေတယ်။ အမှုကို မြန်မြန်စစ်ဆေးပေးစေချင်တယ်"ဟု သူကဆိုသည်။

ဖမ်းဆီးခံရသူ(၂)ဦးထဲမှ အသက်(၂၀)အရွယ် မောင်ထွန်းထွန်းဇော်မှာ ယခုနှစ် တက္ကသိုလ်ကျောင်းတက်ရောက်ရန် ပြင်ဆင်ထားသူဖြစ်ပြီး ယခုကဲ့သို့ မဟုတ်မမှန်စွပ်စွဲကာ တရားစွဲဆိုထားသည့်အတွက် ကျောင်းသားတစ်ဦးအနေဖြင့် နစ်နာမှုရှိနေကြောင်း မောင်ထွန်းထွန်းဇော်၏ မိသားစုဝင်တစ်ဦးကဆိုသည်။

"အခုလို ကလေးကို မတရားစွပ်စွဲပြီး ဖမ်းဆီးခံထားရတော့ နစ်နာမှုတွေ အများကြီးရှိနေတယ်။ အခု ကျောင်းလည်းမတက်ရတော့ ပညာရေးကိုလည်းထိခိုက်တယ်။ သူတို့လေးတွေမှာ ဘာအပြစ်မှမရှိတဲ့အတွက် ပြန်လွှတ်ပေးစေချင်တယ်"ဟု သူကတောင်းဆိုသည်။

DMG မှ ကောက်ယူထားသည့်စာရင်းအရ ၂၀၂၂ ခုနှစ် ဇွန်လမှ ယခုစက်တင်ဘာလ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်မှဖမ်းဆီးခဲ့သူများထဲမှ ပြန်မလွတ်သေးသူ ၆၂ ဦးထိ ကျန်ရှိနေသေးသည်။

ယင်းအထဲမှ အချို့မှာ အမှုဖွင့်တရားစွဲဆိုခံထားရပြီး အချို့မှာ မိသားစုနှင့်အဆက်အသွယ်မရဘဲ လနှင့်ချီကြာမြင့်လျက်ရှိနေသည်။

ဗီဒီယိုများ