တပ်တွင်းဖမ်းဆီးစစ်ဆေးစဉ် သေဆုံးသွားသည့် မြောက်ဦးဒေသခံအတွက် တရားမျှတမှုရရှိရန် မိသားစုတိုင်တန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် တပ်မတော်က ဒေသခံတစ်ဦးအား သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း သေဆုံးသွားသည့် ဖြစ်ရပ်တစ်ခု စက်တင်ဘာ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။

By မျိုးသီရိကျော် 13 Oct 2020

မျိုးသီရိကျော် | DMG
အောက်တိုဘာ ၁၃ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် တပ်မတော်က ဒေသခံတစ်ဦးအား သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း သေဆုံးသွားသည့် ဖြစ်ရပ်တစ်ခု စက်တင်ဘာ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အသက်(၃၈)နှစ်အရွယ် ဦးအေးကျော်သည် သုံးဘီးဆိုင်ကယ်မောင်းနှင်သူတစ်ဦးဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်က ၎င်း၏ဆိုင်ကယ်ဖြင့် နာမကျန်းဖြစ်နေသည့် အဖွားအိုတစ်ဦးအား နားတင်ကျေးရွာသို့ လိုက်ပါ ပို့ဆောင်စဉ် မြောက်ဦးအခြေစိုက် အမှတ်(၃၇၇) ခြေမြန်တပ်ရင်းမှ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရခြင်းဖြစ်သည်။

သို့သော် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များက တပ်ရင်း ၃၇၇ သို့ သွားရောက်မေးမြန်းခဲ့ သော်လည်း ဦးအေးကျော်အား ထိန်းသိမ်းထားခြင်းမရှိကြောင်း အကြောင်းပြန်သဖြင့် လှည့်ပြန်ခဲ့ရသည်ဟု မိသားစုဝင်များက ဆိုသည်။

တပ်မတော်မှ ထိန်းသိမ်းစစ်ဆေးနေသည့် ဦးအေးကျော် သေဆုံးသွားပြီဖြစ်ကြောင်းကို စက်တင်ဘာ ၂၉ ရက် နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၈ ရက်က ဦးအေးကျော်အား နံနက်စာကျွေးရန်လုပ်ဆောင်စဉ် စစ်ကြောင်းအဖွဲ့ဝင်၏ ပစ္စတို သေနတ်အားလုယူ၍ မိမိကိုယ်ကိုပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်း တပ်မတော်က ဆိုသည်။

သေဆုံးသွားသူ ဦးအေးကျော်မှာ လက်နှင့်ခြေများကျိုးနေခြင်း၊ ဦးခေါင်းကြေမွနေခြင်းနှင့် အပေါက်ဖြစ်နေခြင်း စသည့် ရိုက်နှက်နှိပ်စက်ခံရသည့် ဒဏ်ရာများတွေ့ရှိရသဖြင့် ရိုက်နှက်သတ်ဖြတ်ခဲ့သူများနှင့် ပတ်သက် ဆက်နွယ်သူများကို ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူပေးရန် အောက်တိုဘာ ၅ နေ့ရက်စွဲဖြင့် မိသားစုဝင် များက မြောက်ဦးမြို့မရဲစခန်းသို့ စာတိုက်မှတဆင့် စာပေးပို့တိုင်တန်းခဲ့သည်။

“ကျမတို့က အမှန်တရားကိုပဲ လိုချင်တာပါ။ ကျမတို့မောင်လေးက ဘာအပြစ်မှလည်းမရှိဘူး။ တပ်မတော်က ထုတ်ပြန်ထားတာက ကိုယ့်ကိုကိုယ်သတ်သေသွားတယ်လို့ပြောပေမဲ့ ကျမတို့အနေနဲ့ လုံးဝယုံကြည်လို့မရဘူး။ သူ့ရဲ့ ပေါင်မှာလည်း လျှပ်စီးတိုက်ထားတဲ့ ဒဏ်ရာတွေအများကြီး၊ ပေါင်နှစ်ချောင်းလည်းကျိုးနေတယ်။ ဦးခေါင်းမှာလည်း အကုန်လုံးကွဲပြဲနေတယ်။ လက်နှစ်ချောင်းလည်းအကျိုး။ အဲဒါက ကိုယ့်ကိုကိုယ်သတ်သေတာ ဖြစ်နိုင်မလား” ဟု ဦးအေးကျော်၏ အစ်မဖြစ်သူ မတင်ဝင်းက DMG သို့ပြောသည်။

ရဲလက်စွဲဥပဒေအရ စာဖြင့်လည်းကောင်း၊ ကြေးနန်းဖြင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်သည်ဟုပါရှိသည့်အတွက် ယခုကဲ့သို့စာတိုက်မှပေးပို့တိုင်တန်းခြင်းသည် ဥပဒေကြောင်းအရ တရားဝင်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ ဒါရိုက်တာ ဦးမျိုးမြတ်ဟိန်း (ခ)ငြိမ်းချမ်းက ပြောသည်။

“စာတိုက်ကတစ်ဆင့် မြောက်ဦးရဲစခန်းကို အမှုဖွင့်တိုင်တန်းတာဟာလည်း တရားဝင်အမှုဖွင့်ရာ ရောက်ပါတယ်။ ဒီလိုမျိုး တိုင်တန်းထားရင်တော့ ရဲစခန်းက အမှုဖွင့်ပေးရမယ်ပေါ့နော်၊ ဒါပေမဲ့ ရဲစခန်းက ဘယ်လိုမျိုး ဆောင်ရွက် ပေးနေလဲဆိုတာကို မသိရသေးဘူး” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ တိုင်တန်းမှုနှင့်ပတ်သက်ပြီး မြောက်ဦးမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ရက္ခိုင်ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးဇော်ဇော်မင်းက ယခုကဲ့သို့ တိုင်တန်းခြင်းအား ရဲစခန်းမှ အမှုဖွင့်ရမည်ဖြစ်ကြောင်း ဆိုသည်။

“လောလောဆယ်တော့ အမှုဖွင့်တိုင်တန်းထားတာလောက်ပဲ သိရတယ်။ မိသားစုဝင်တွေကို စုံစမ်းစစ်ဆေးတာ တွေလည်း မလုပ်သေးဘူးလို့ ကြားပါတယ်။ တိုင်တန်းထားရင်တော့ သက်သေခံတွေကို ရှာဖွယ်စစ်ဆေးရမယ် ပေါ့နော်။ ဒါပေမဲ့လက်ရှိအချိန်ထိ ဘာမှမလုပ်ဆောင်မပေးသေးဘူး။ ကျနော်တို့အနေနဲ့လည်း တရားဥပဒေ အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကပြောသည်။

တပ်မတော်၏ ထုတ်ပြန်ချက်အရ သေဆုံးသွားသူ ဦးအေးကျော်သည် AA-၃၂၅၆ တပ်ကြပ်ကြီးအဆင့်ရှိသူ ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက မြောက်ဦးတပ်နယ်မှစစ်သည် ၁ ဦး ဈေးဝယ်စဉ် ဖမ်းဆီးခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းက တပ်နယ်မိသားစုမှ လူငယ် ၂ ဦးအား ဖမ်းဆီးခြင်းကို ဦးအေးကျော်မှ ဦးစီး ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်(AA)အား ဆက်သွယ်မေးမြန်းမှုကို ဥပဒေအရကန့်သတ်ထားသဖြင့် တပ်မတော်၏ထုတ်ပြန် ချက်နှင့်ပတ်သက်ပြီး AA ၏ တုန့်ပြန်ချက်ကို တင်ပြနိုင်ခြင်းမရှိပေ။
ယင်းသို့ ဦးအေးကျော်အား AA အဖွဲ့ဝင်ဖြစ်ကြောင်း ထုတ်ပြန်ထားသည့်အပေါ် မိသားစုဝင်များက ငြင်းဆို ထားသည်။

ဦးအေးကျော်အား ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သူများနှင့် တာဝန်ရှိသူများအား ဖော်ထုတ် အရေးယူပေးရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့လည်း မိသားစုဝင်များက တိုင်ကြား ထားသည်။

ဗီဒီယိုများ