မြောက်ဦးတွင် ဒေသခံတစ်ဦး နွားကျောင်းရာမှပြန်လာစဉ် ပစ်ခတ်ခံရ

“တောင်အောက်ကနေပြီး သူတို့ကတက်လာတယ်။ တက်လာတဲ့အချိန်မှာ ကျည်ထိမှန်တဲ့လူက ရှေ့ကပေါ့။ နောက်တစ်ယောက်က စစ်တပ်ကိုမြင်တယ်။ စစ်တပ်မြင်တော့ အကိုကြီးစစ်တပ်လာတယ်လို့ပြောတယ်။ ပြေးတဲ့အခါ သူတို့နောက်ကလိုက်ပစ်တယ်။ အဲ့မှာထိသွားတယ်”

24 Aug 2019

ဒဏ်ရာရရှိထားသည့် ဦးသိန်းမောင်အား စစ်တွေဆေးရုံကြီး၌ ဆေးကုသမှုခံယူရန် ယူဆောင်လာစဉ်။ ဓာတ်ပုံ - မင်းထွန်း/DMG

အောင်ထိန် | DMG
သြဂုတ် ၂၄ ၊ စစ်တွေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာတွင် နွားကျောင်းရာမှပြန်လာသည့်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

သြဂုတ်လ ၂၃ ရက် နေ့လည် ၂ နာရီခန့်တွင် ပေါက်တောပြင်ကျေးရွာသား ၄ ဦးမှာ ရွာအရှေ့ဘက်ရှိ ဘုရားတောင်အလွန်တွင် နွားကျောင်းသွားပြီး ပြန်လာစဉ် တပ်မတော်သားများနှင့်တွေ့၍ ထွက်ပြေးရာ၌ ယင်းသို့ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသွားသူ ဦးသိန်းမောင် ၄၇ နှစ်၏ မိသားစုဝင်များက ဆိုသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးသိန်းမောင်၏ ဘယ်ဘက်တင်ပါတွင် ကျည်ထိမှန်သွားခဲ့ကြောင်း ၎င်း၏ဦးလေး ဖြစ်သူ ဦးကျန်အေးက ပြောသည်။

“တောင်အောက်ကနေပြီး သူတို့ကတက်လာတယ်။ တက်လာတဲ့အချိန်မှာ ကျည်ထိမှန်တဲ့လူက ရှေ့ကပေါ့။ နောက်တစ်ယောက်က စစ်တပ်ကိုမြင်တယ်။ စစ်တပ်မြင်တော့ အကိုကြီးစစ်တပ်လာတယ်လို့ပြောတယ်။ ပြေးတဲ့အခါ သူတို့နောက်ကလိုက်ပစ်တယ်။ အဲ့မှာထိသွားတယ်”ဟု ဦးကျန်အေးက ဆိုသည်။

နွားကျောင်းသွားသူ ၄ ဦးထဲတွင် ဦးသိန်းမောင်တစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းမှာ ဒဏ်ရာပြင်းထန်သဖြင့် မြောက်ဦးဆေးရုံမှ ယနေ့သြဂုတ်လ ၂၄ ရက်နေ့တွင် စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိမှာ ဦးသိန်းမောင်၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး မိသားစုဝင်များမှ စိုးရိမ်မှုရှိနေကြသည်။

“သူ့အခြေအနေကြည့်လိုက်တော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်။ မျက်နှာတွေမှာ ဝင်းပြီးဖြစ်သွားတယ်။ ဘာမှလည်း မပြောချင်တော့ဘူး။ ထိသွားရင်ထိသွားပြီပေါ့။ လူနာကျန်းမာပြီး နေကောင်းသွားရင်ကျေနပ်ပြီ” ဟု ဇနီးဖြစ်သူ ဒေါ်ငွေစိန်ကပြောသည်။

ဦးသိန်းမောင်အား တပ်မတော်မှ ပစ်ခတ်သည်ဟု မိသားစုဝင်များမှပြောသော်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက AA မှပစ်သည့် ကျည်ဆံသာဖြစ်မည်ဟုဆိုသည်။

“ပေါက်တောပြင်မှာ ဘာမှတိုက်ပွဲမဖြစ်ဘူး။ ပေါက်တောပြင်နားမှာ ဘာတပ်မှလည်းမရှိဘူး။ AA ကပစ်လို့မှန်တဲ့ ကျည်ဆံဘဲဖြစ်မယ်” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။
တပ်မတော်၏ပြောဆိုချက်အပေါ် ရက္ခိုင့်တပ်တော်(AA)မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ယခုကဲ့သို့ တုန့်ပြန်သည်။

“အဲ့ဒါက ဒီဗမာစစ်တပ်ကနေပြီးတော့ သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် သပ်သပ် လုပ်ကြံပြီးတော့ပြောတာ”ဟု ခိုင်သုခက ပြောသည်။

သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာရှိ နေအိမ်တစ်လုံးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိနေသူထဲမှ ၃ ဦးသေဆုံးပြီး ကျန် ၄ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးမှာ တပ်မတော်မှပစ်ခတ်ခြင်းဖြစ်ကြောင်း ကျေးရွာသားများမှပြောသော်လည်း တပ်မတော်ကမူ AA ပစ်သည့်လက်နက်ဟု ပြောဆိုထားသည်။ AA ဘက်မှ ၎င်းကိစ္စသည် တပ်မတော်မှ ပစ်ခတ်ကာ AA အား စွပ်စွဲခြင်းသာဖြစ်ကြောင်းပြောသည်။

ပန်းမြောင်းကျေးရွာတွင် လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးသွားသုံးဦးမှာ အသက် ၁၈ နှစ်အရွယ် ၁၀ တန်းကျောင်းသူ မညိုညိုဝင်း၊ အသက် ၉ နှစ်အရွယ် လေးတန်းကျောင်းသား မောင်းမင်းထက်ကျော်နှင့် အသက် ၆ နှစ်သာရှိသေးသည့် KG တန်းကျောင်းသား မောင်အောင်ကျော်ဖြိုးတို့ ဖြစ်ကြသည်။

ဗီဒီယိုများ