နယ်မြေမလုံခြုံသဖြင့် မြောက်ဦးယဉ်ကျေးမှုနယ်မြေကို ကွင်းဆင်းစစ်ဆေးမှုများ မလုပ်နိုင်

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (UNESCO) ဝင်ရောက်နိုင်ရေးအတွက် ကြိုးပမ်းနေသည့် မြောက်ဦးဒေသ အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များအား နယ်မြေမလုံခြုံသဖြင့် ကွင်းဆင်းစစ်ဆေးမှုများ မလုပ်နိုင်သကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်မှုလည်း အားနည်းလျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

By သီဟ 14 Jul 2020

သီဟ | DMG
ဇူလိုင် ၁၄ ၊ မြောက်ဦး

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (UNESCO) ဝင်ရောက်နိုင်ရေးအတွက် ကြိုးပမ်းနေသည့် မြောက်ဦးဒေသ အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များအား နယ်မြေမလုံခြုံသဖြင့် ကွင်းဆင်းစစ်ဆေးမှုများ မလုပ်နိုင်သကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်မှုလည်း အားနည်းလျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဇုန်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း၊ လက်နက်ကြီးကျည် ကျရောက်ခြင်းနှင့် လုံခြုံရေးအခြေအနေများကြောင့် မြို့ပေါ်တွင်သာ ကွင်းဆင်းစစ်ဆေးမှုများ လုပ်နိုင်ကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇံက ပြောသည်။

“ကွင်းဆင်းစစ်ဆေးပြီးတော့ ဘယ်နေရာက လုပ်သင့်တယ်။ ဘယ်နေရာက ပြင်သင့်တယ်။ ဘယ်နေရာကတော့ အရေးကြီးတဲ့အတွက် ဦးစားပေးထဲ ထည့်သင့်တယ်ဆိုတာမျိုးတွေ လုပ်ရမယ့်အပိုင်းတွေရှိတယ်။ ဒါပေမယ့် နယ်မြေအခြေအနေအရ ကျွန်တော်တို့က ဒီမြောက်ဦးယဉ်ကျေးမှုဒေသမှာရှိတဲ့ ဘုရားပုထိုးတွေကို အားလုံး မသွားနိုင်ဘူး” ဟု ဦးကျော်ဇံက ဆိုသည်။

တိုက်ပွဲမဖြစ်ပွားမီ ၂၀၁၈ ခုနှစ်က တောတောင်များရှိသည့်နေရာများအထိ ကွင်းဆင်းစစ်ဆေးမှုများ လုပ်နိုင်ခဲ့ ကြောင်းလည်း ၎င်းကဆက်ပြောသည်။

မြောက်ဦးဒေသကို (UNESCO) စာရင်း ဝင်ရောက်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက် ခဲ့ရာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အပြီးသတ်အဆိုပြုလွှာကို တင်သွင်းနိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိတွင် မြောက်ဦးယဉ်ကျေးမှုနယ်မြေကို အမျိုးသားယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ထား သော်လည်း ထိန်းသိမ်းစောင့်ရှောက်မှုအပိုင်းတွင် အားနည်းချက်များရှိကြောင်း မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကဆိုသည်။

“အမျိုးသားအဆင့် ထိန်းသိမ်းထားပေမယ့်လည်း စစ်ပွဲတွေရော ၊ သဘာဝကြောင့် ပျက်စီးတာတွေရော၊ ကျူးကျော် နေထိုင်သူတွေကို ကာကွယ်ထိန်းသိမ်းနိုင်ခြင်း မရှိတာတွေအပြင် ပြင်လိုက်ရင်း၊ ပျက်သွားရင်းတွေကလည်း အများကြီးဆိုတော့ အမျိုးသားအဆင့် ထိန်းသိမ်းထားတယ်ဆိုပေမယ့် လုံခြုံသလို မခံစားရဘူး။ ထိန်းသိမ်းမှု အားနည်းတယ်လို့ပဲ ပြောချင်တယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် ကျွမ်းကျင်ပညာရှင်ရှားပါးမှု အခက်အခဲကြောင့်လည်း အမွေအနှစ်များကို ထိန်းသိမ်းရေးလုပ်ရန် အတွက် ရရှိထားသည့် ဘတ်ဂျတ်ငွေများကို ပြည်နယ်အစိုးရထံ ပြန်အပ်လိုက်ရသည်များလည်း ရှိခဲ့ကြောင်း ဦးကျော်ဇံကရှင်းပြသည်။

ကျွမ်းကျင်ပညာရှင်များမှာလည်း နယ်မြေအခြေအနေကြောင့် မြောက်ဦးသို့ မလာရောက်နိုင်သည်များလည်း ရှိကြောင်း ၎င်းကဆိုသည်။

“မြောက်ဦးဒေသသာ UNESCO ဝင်မယ်ဆိုရင် အခုလက်ရှိ လူအင်အား၊ ဖွဲ့စည်းပုံနဲ့ မရဘူး၊ လူအင်အား ဖွဲ့စည်းပုံကို ပြန်ရေးရမယ်၊ ပုဂံလိုဖြစ်ရမယ်။ အဲလိုမျိုးတွေပေါ့” ဟု ဦးကျော်ဇံက ပြောသည်။

လက်ရှိမြောက်ဦးဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်မှာ မြောက်ဦးဒေသ UNESCO စာရင်းဝင်နိုင်ရေး အတွက် အဟန့်အတားတစ်ခု ဖြစ်စေနိုင်ကြောင်း ပညာရှင်တချို့က သုံးသပ်မှုများရှိသည်။

မြောက်ဦးဒေသ UNESCO စာရင်းဝင်ရောက်နိုင်ခြင်း ရှိ၊ မရှိကို လာမည့် ၂၀၂၁ ခုနှစ်တွင် သိရှိရမည်ဖြစ်ပြီး ထိုမတိုင်ခင်ကာလအတွင်းတွင် UNESCO တာဝန်ရှိသူများမှ လာရောက်စစ်ဆေးမှုများ လုပ်ဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ