မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအဆို စာတွဲမူကြမ်း တင်သွင်းပြီးစီး

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် အဆိုပြုစာတွဲ မူကြမ်းကို စက်တင်ဘာလ ၂၄ ရက်နေ့က ယူနက်စကို ကမ္ဘာ့အမွေအနှစ်စင်တာကို တင်သွင်းလိုက်သည်။

27 Sep 2019

ခင်သရဖီဦး | DMG

စက်တင်ဘာ ၂၇၊ စစ်တွေ

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် အဆိုပြုစာတွဲ မူကြမ်းကို စက်တင်ဘာလ ၂၄ ရက်နေ့က ယူနက်စကို ကမ္ဘာ့အမွေအနှစ်စင်တာကို တင်သွင်းလိုက်သည်။

အဆိုပြုစာတွဲ မူကြမ်းတင်သွင်းထားသော်လည်း  မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ထိန်းသိမ်းရမည့် အပိုင်းနှင့်ပတ်သက်ပြီး အသိပညာပေးအပိုင်းများကို လုပ်ဆောင်ရဦးမည်ဟု မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဌ ဒေါ်ခင်သန်းက ပြောသည်။

“အမွေအနှစ်တင်သွင်းထားတဲ့ဒေသကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ စီမံခန့်ခွဲမှုကလည်း ရေးဆွဲရတာလည်း အခုချိန်မှာအရေးကြီးပါတယ်။ ထိုနည်းလည်းကောင်းဘဲ မြောက်ဦးမှာရှိနေတဲ့အမွေအနှစ်တွေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို ပြည်သူလူထုပိုင်းမှာရော၊ အစိုးရပိုင်းမှာရော အဲဒါတွေကလည်းပဲ အသိပညာပေးလုပ်ငန်းတွေကို ကျွန်မတို့တွေ အများကြီးလုပ်ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ကလည်း မြောက်ဦးကို အေးချမ်းတည်ငြိမ်စွာနဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ရအောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ ဆန္ဒ ကျွန်မတို့မှာရှိပါတယ်” ဟု ၎င်းက ပြောသည်။

မြောက်ဦးဒေသမှာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေအများကြီးရှိကြောင်းအဆိုပြုစာတွဲမူကြမ်းမှာ တင်ပြ ထားပြီး ယူနက်စကိုဝင်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားကြောင်း ဒေါ်ခင်သန်းက ဆိုသည်။

“ကျွန်မတို့က ယဉ်ကျေးမှုအမွေအနှစ်အများကြီးရှိကြောင်းတော့ ကျွန်မတို့ဖက်ကတင်ပြပြီးသွားပြီလေ။တင် ပြပြီးသွားတော့ ဟိုဖက်နေပြီးတော့လာစစ်မယ်။ ဒါ ဒီတစ်ခုတည်းမဟုတ်ဘူး။ သူတို့ရဲ့ စီမံခန့်ခွဲမှုတွေလည်း ပါသေးတယ်။ ဆိုတော့ ဒါတွေဟာ လာစစ်တဲ့လူနဲ့ မြောက်ဦးမြို့အခြေအနေနဲ့ပဲ ဆိုင်မယ်ထင်ပါတယ်။ ကျွန်မတို့ ယဉ်ကျေးမှုအမွေအနှစ်ပိုင်းကတော့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဝင်လောက်အောင်ထိ တန်ဖိုးရှိတဲ့ အမွေအနှစ်တွေကို ပိုင်ဆိုင်တယ်။ ယူနစ်ဖြစ်တယ်ဆိုတာတော့ ကျွန်မတို့ဖက်ကပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။

မြောက်ဦးဒေသကို ယူနက်စကိုက လာမယ့် ၂၀၂၀ ခုနှစ်တွင် လာရောက်စစ်ဆေးမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ယူနက်စကို ဝင်၊မဝင် အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

မြောက်ဦးမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုများလည်းရှိနေပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီး ဆုံးရှုံးမှုများလည်းရှိနေသည်။ယင်းကြောင့် မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးရန်လည်း ဒေသခံများက တောင်းဆိုနေကြသည်။

ဗီဒီယိုများ