မြောက်ဦးဒေသခံနှစ်ဦးကို တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှ ဒေသခံနှစ်ဦးအား မေလ ၂၄ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများထံမှ သိရသည်။

By နှင်းနွယ် 25 May 2020

နှင်းနွယ် | DMG
မေ ၂၅ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှ ဒေသခံနှစ်ဦးအား မေလ ၂၄ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ ဝေသာလီကျေးရွာမှ ဦးမှဲ့နီ အသက်(၆၀)နှစ်နှင့် ဦးမောင်စိုးတင် အသက်(၅၅) နှစ်တို့ ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၆ နာရီခန့်က အင်အား ၆၀ ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် ဝေသာလီကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ဒေသခံများအား ခေါ်ယူစစ်ဆေးခဲ့ကြောင်း စစ်ဆေးခံခဲ့ရသည့် ဒေါ်ဦးသိန်းလှက DMG သို့ပြောသည်။

“သူတို့ဝင်လာတဲ့အချိန်မှာ ကျမတို့က အိပ်ရာကနိုးခါစပဲ ရှိသေးတယ်။ ဝင်လာပြီးတော့ ကျမတို့ကို ခေါ်စစ်တယ်။ AA နဲ့မပတ်သက်နဲ့။ AA ကို လက်နက်ချခိုင်းရင် ရွာသားတွေလည်း အေးအေးချမ်းချမ်းနေရမယ် ဆိုပြီးတော့ ပြောတယ်။ ပုံတွေရိုက်တယ်။ သူတို့က ရွာသားတွေကို မနှိပ်စက်ပါဘူးဆိုပြီးတော့ ရေးထားတဲ့စာရွက်မှာ လက်မှတ်တွေထိုးခိုင်းတယ်” ဟု ၎င်းကဆိုသည်။

စစ်ဆေးခံရသူများထဲတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများအပါအဝင် လူဦးရေ ၁၀ ကျော်ခန့်ရှိပြီး အမျိုးသမီးနှင့်ကလေးငယ်များကို ၃ နာရီကြာခန့် စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေါ်ဦးသိန်းလှက ပြောသည်။ သို့သော် အမျိုးသားနှစ်ဦးကို ပြန်မလွှတ်ဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျမတို့ကို ခေါ်စစ်ဆေးနေတုန်းမှာဘဲ ပေါက်တောပြင်ရွာဖက်က နောက်တစ်ဖွဲ့ဝင်လာတယ်။ အဲဒီအဖွဲ့နှစ်ဖွဲ့ ပေါင်းပြီးတော့မှ ရွာသားနှစ်ယောက်ကို ရွာရဲ့မြောက်ဘက်ကို ဖမ်းခေါ်သွားတာ။ ကျမတို့ ပထမတစ်ခေါက် လှမ်းကြည့်တော့ သူတို့ကိုနေပူထဲမှာ ထိုင်ခိုင်းထားတာကို တွေ့တယ်။ နောက်တစ်ခေါက် ထပ်ကြည့်တော့ မရှိတော့ဘူး။ သေသွားပြီလားမသိဘူး” ဟု ဒေါ်ဦးသိန်းလှက ဆိုသည်။

ဝေသာလီကျေးရွာသားနှစ်ဦးကို ဖမ်းဆီးသွားခြင်းမှာ မှန်ကန်ကြောင်းနှင့် လက်ရှိမှာ ရွာသားများထိတ်လန့်ကာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေရကြောင်း ဝေသာလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းဝင်းက ပြောသည်။

“သူတို့ ဝင်လာပြီဆိုကတည်းက ကျနော်အပါအဝင် ရွာသားတွေက ကြောက်ပြီးတော့ အကုန်ထွက်ပြေးကြတာ။ ဘယ်နေရာကို ထွက်ပြေးသွားကြလဲတော့ အတိအကျမသိဘူး။ တစ်ချို့ကတော့ ကျနော်နဲ့အတူ ထွက်ပြေး တိမ်းရှောင်နေတယ်” ဟု ၎င်းကဆိုသည်။

ယမန်နေ့ နံနက်ပိုင်း(၄)နာရီခန့်က မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာနှင့် ဘူးရွက်မညှိုးကျေးရွာအကြားတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယင်းအနီးအနားကျေးရွာများမှ ဒေသခံများက ပြောသည်။

ယခုကဲ့သို့ ဝေသာလီကျေးရွာသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်ကိစ္စအား တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့အား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ဗီဒီယိုများ