မြောက်ဦးရှေးဟောင်းဘုရား၊ပုထိုးစေတီများမှာ မူးယစ်ဆေးသုံးစွဲမှုများလာ

“ အရင်တုန်းကတော့လျို့ဝှက်ပြီးလုပ်ကြတာပေါ့။ အခုကတော့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အပေါ်မှာ အခွင့်ကောင်းယူပြီး အဲလိုသုံးစွဲတာတွေ ထင်သာမြင်သာ၊ ကြားနေရ၊ မြင်နေရ အဲလိုမျိုးတွေ သိသိ သာသာဖြစ်လာတာပေါ့လေ”

25 Oct 2019

ခိုင်ရိုးလ|DMG

အောက်တိုဘာ ၂၅၊စစ်တွေ

ရခိုင်ပြည်နယ်၊မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ဘုရား၊ပုထိုးစေတီများတွင် မူးယစ်ဆေးဝါးသုံးစွဲမှု  များပြားလာနေသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

ယခုကဲ့သို့ ဘုရား၊စေတီများအတွင်း မူးယစ်ဆေးဝါးလာရောက်သုံးစွဲမှုမှာ ဒေသမတည်ငြိမ်မှုများ၊တရားဥပဒေ စိုးမိုးမှုမရှိခြင်းနှင့်ဘုရားဖူးခရီးသည်များမလာရောက်သောကြောင့် သုံးစွဲရလွယ်ကူလာခြင်းဟု မြောက်ဦးဒေသခံ ကိုဇော်ထွန်းကပြောသည်။

“ အရင်တုန်းကတော့လျို့ဝှက်ပြီးလုပ်ကြတာပေါ့။ အခုကတော့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အပေါ်မှာ အခွင့်ကောင်းယူပြီး အဲလိုသုံးစွဲတာတွေ ထင်သာမြင်သာ၊ ကြားနေရ၊ မြင်နေရ အဲလိုမျိုးတွေ သိသိ သာသာဖြစ်လာတာပေါ့လေ” ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများသည် နေ့လယ်တွင်သာမက ညမထွက်မရအမိန့်ထုတ်ပြန်ထားသည့် ညဉ့်အချိန် များတွင်လည်း သုံးစွဲနေကြသည်ဟု ဒေသခံများက ဆိုသည်။

ရှေးဟောင်းဘုရား၊ပုထိုးများတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းသည်ဟု ဒေသနှင့်လူမျိုးဂုဏ်သိက္ခာကိုကျဆင်း စေနိုင်သည့်အတွက် မလုပ်သင့်ကိစ္စဟု မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

“ဒီမူးယစ်ဆေးဝါးကြောင့် မြောက်ဦးရဲ့အနာဂတ်လူငယ်တွေကလည်း စိုးရိမ်စရာတွေဖြစ်လာပြီးတော့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသမှာ ဒီလိုမျိုးမူးယစ်ဆေးဝါးသုံးစွဲနေတာကို ပြည်တွင်းပြည်ပဧည့်သည် တွေမြင်တွေ့သွားမယ်ဆိုရင်လည်း အရမ်းကို ကျွန်မတို့ရဲ့ မြောက်ဦးရဲ့သိက္ခာ၊ ရခိုင်ရဲ့သိက္ခာအင်မတန်ကျ ဆင်းပါတယ်”ဟု ၎င်းကဆိုသည်။

ရှေးဟောင်းပုထိုးများအတွင်း မူးယစ်ဆေးအသုံးပြုထားသည့် ရေသန့်ဗူးခွံများ၊ဆေးထိုးအပ်များ၊ပိုက်တံများနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ပုံနှင့်တကွတင်ပြထားသည်ကိုမကြာခဏ တွေ့မြင်နေရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရန်အတွက် အာဏာပိုင်များအနေဖြင့် တားဆီးနှိမ်နင်းရန်လိုအပ် ကြောင်းလည်း ဒေသခံများက ထောက်ပြပြောဆိုကြသည်။

ဗီဒီယိုများ