မြောက်ဦးတွင် လက်နက်ကြီးကျရောက်မူကြောင့် ကျေးရွာသား ၄ ဦးဒဏ်ရာရ

“မနေ့က ၃ နာရီကျော်မှာ စစ်ကြောင်းတစ်ခုက ကျမတို့ရွာမြစ်တဖက်ကမ်းက လက်နက်ကြီးတွေပစ်လို့ ကျမတို့အိမ်ရှေ့က မကျည်းပင်နားမှာကျပြီး ကျလာတာပါ။ အဲဒီစစ်သားတွေ ဘယ်ကလာတာလဲဆိုတာ ကျမ မသိဘူး။ ကျမသမီးမှာ ခြေသလုံးမှာ ဒဏ်ရာရသွားတယ်။ အခုမြောက်ဦးဆေးရုံမှာပါ”

By ဝင်းညွန့် 10 Jan 2020

ဝင်းညွန့် | DMG
ဇန်နဝါရီ ၁၀၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာတွင် ဇန်နဝါရီလ ၉ ရက်နေ့၊ ညနေ ၃ နာရီကျော်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမူကြောင့် ကျေးရွာသား ၄ ဦးဒဏ်ရာရရှိသွားသည်။

ဒဏ်ရာရရှိသူများမှာ ဦးအောင်သိန်းထွန်း(၄၃ နှစ်)၊ မောင်ညီညီလင်း(၁၄ နှစ် )၊ မောင်သန်းဇော်ဦး(၁၁ နှစ် ) နှင့် မမြတ်သန္တာ(၁) နှစ်ကျော်တို့ဖြစ်သည်။ ရွာတစ်ဖက်ကမ်းတွင်ရှိသော တပ်မတော်စစ်ကြောင်းတစ်ခုက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရရှိသွားခြင်းဟု မမြတ်သန္တာ၏ မိခင်ဒေါ်ဝင်းကြည်က စွပ်စွဲပြောဆိုသည်။

“မနေ့က ၃ နာရီကျော်မှာ စစ်ကြောင်းတစ်ခုက ကျမတို့ရွာမြစ်တဖက်ကမ်းက လက်နက်ကြီးတွေပစ်လို့ ကျမတို့အိမ်ရှေ့က မကျည်းပင်နားမှာကျပြီး ကျလာတာပါ။ အဲဒီစစ်သားတွေ ဘယ်ကလာတာလဲဆိုတာ ကျမ မသိဘူး။ ကျမသမီးမှာ ခြေသလုံးမှာ ဒဏ်ရာရသွားတယ်။ အခုမြောက်ဦးဆေးရုံမှာပါ” ဟု ၎င်းကဆိုသည်။

ယင်းနေ့က ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်စစ်ကြောင်းက ပစ်ခတ်သည့်ကျည်ကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ကျေးရွာတာဝန်ခံ ဦးခိုင်ထွန်းစိန်နှင့် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဗီဒီယိုများ