မောင်တောမှ နယ်ခြားစောင့်ရဲတစ်ဦးသေဆုံးမှုတွင် မွတ်ဆလင် ၂ ဦးအား ထပ်မံဖမ်းဆီးအမှုဖွင့်ထား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သရက်အုပ်ရဲကင်းစခန်းမှ ပျောက်ဆုံးနေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦးအားသေဆုံးလျက် စက်တင်ဘာလ ၇ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့သည်။

By ကျော်မျိုးအောင် 11 Sep 2020

ကျော်မျိုးအောင် | DMG
စက်တင်ဘာ ၁၁ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သရက်အုပ်ရဲကင်းစခန်းမှ ပျောက်ဆုံးနေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦးအားသေဆုံးလျက် စက်တင်ဘာလ ၇ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့သည်။

ယင်းသို့ ရဲတပ်သားဇေယျာမျိုးသေဆုံးမူနှင့်ပတ်သတ်ပြီး အာရှိတ်ဂျာကျေးရွာမှ ယာယီကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သရက်အုပ်ကျေးရွာမှ မွတ်ဆလင်တစ်ဦးတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ဖြင့် ငါးခူရနယ်မြေစခန်းတွင် (ပ)၂၁/၂၀၂၀ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား စက်တင်ဘာ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ဖမ်းဆီးအမှုဖွင့်လှစ်ကာ စက်တင်ဘာလ ၂၂ ရက်နေ့အထိ ချုပ်ရမန်ရယူထားကြောင်း မောင်တောမြို့နယ်တရားရုံးမှ သိရသည်။

ဖမ်းဆီးခံထားရသူနှစ်ဦးမှာ သရက်အုပ်ကျေးရွာမှ မိုဟာမိတ်ဟူဆိန်း ၃၄ နှစ်နှင့် အာရှိတ်ဂျာကျေးရွာမှ ယာယီ ကျေးရွာအုပ်ချုပ်ရေးမှူး အုစ်မာန်(ခ)လာလူ ၂၂ နှစ်တို့ဖြစ်ကြသည်။

ရဲတပ်သားဇေယျာမျိုး၏အလောင်းအား ရွာညိုတောင်ကျေးရွာအနီးရှိ ပုစွန်ကန်အဟောင်း၌ တွေ့ရှိခဲ့ခြင်း ဖြစ်သဖြင့် အဆိုပါပုဇွန်ကန်၏ပိုင်ရှင် အသက် ၅၅ နှစ်အရွယ် ဦးမောင်ထွန်းစိန်အားလည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ ဖြင့် ငါးခူရနယ်မြေစခန်းတွင်အမှုဖွင့်လှစ်ကာ စက်တင်ဘာလ ၈ ရက်နေ့တွင် မောင်တောမြို့နယ် တရားရုံး၌ ချုပ်ရမန်ယူထားသည်။

သရက်အုပ်ရဲကင်းစခန်းမှ ရဲတပ်သားဇေယျာမျိုးနှင့် ရဲတပ်သားမြင့်သိန်းတို့နှစ်ဦးမှာ စက်တင်ဘာလ ၅ ရက် နေ့က လစာငွေအား မိသားစုထံလွှဲပေးရန် ရွက်ညိုတောင်ကျေးရွာသို့သွားရောက်စဉ် ၎င်းတို့ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးနေသူနှစ်ဦးအနက် ရဲတပ်သားဇေယျာမျိုး၏ရုပ်အလောင်းအား လေပြွှန်ပြတ်ဒဏ်ရာ၊ လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ယောကျ်ားလိင်အင်္ဂါပြတ်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ