ဘူးသီးတောင်တွင် မွတ်ဆလင်တစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်စွာဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာမှ မွတ်ဆလင်တစ်ဦး ယနေ့ (ဒီဇင်ဘာလ ၂ ရက်နေ့)၊ နံနက် (၁၁)နာရီကျော်ခန့်က ကျေးရွာအနီးတွင် နွားကျောင်းနေစဉ် မိုင်းနင်းမိသောကြောင့် ဘယ်ခြေထောက် လုံးဝပြတ်ထွက်သွားပြီး ညာခြေထောက်မှာ ပြင်းထန်စွာဒဏ်ရာရရှိသွားသည်။

By ချလူးအောင် 02 Dec 2019

ချလူးအောင် | DMG
ဒီဇင်ဘာလ ၂ ၊စစ်တွေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာမှ မွတ်ဆလင်တစ်ဦး ယနေ့ (ဒီဇင်ဘာလ ၂ ရက်နေ့)၊ နံနက် (၁၁)နာရီကျော်ခန့်က ကျေးရွာအနီးတွင် နွားကျောင်းနေစဉ် မိုင်းနင်းမိသောကြောင့် ဘယ်ခြေထောက် လုံးဝပြတ်ထွက်သွားပြီး ညာခြေထောက်မှာ ပြင်းထန်စွာဒဏ်ရာရရှိသွားသည်။

မိုင်းနင်းမိသူမှာ အသက် (၂၄)အရွယ် ဘော်ချီးအာမော်ဖြစ်ပြီး ဒဏ်ရာပြင်းထန်သောကြောင့် ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရသည်ဟု ဖခင်ဖြစ်သူ နော်စီရာမောက်က ပြောသည်။

“သူ့မှာ ခြေထောက်ပြတ်သွားတယ်။ မျက်နှာမှာလည်း ဒဏ်ရာရသွားတယ်။ မိုင်းကတော့ ဘယ်သူထောင်ထားခဲ့တာလဲ မသိဘူး ”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော် စသည့်မြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကစတင်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် တောတောင်များတွင် ဟင်းရှာ၊ ထင်းခုတ်သွားသူများ၊ ရွာအနီးနွားကျောင်းနေကြသည့် ဒေသခံများမှာ မိုင်းနင်းမိကာ မကြာခဏ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ အငူမော်ကုန်တန်းကျေးရွာမှ လူငယ်တစ်ဦး တိုက်ပွဲလက်ကျန် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည်။

Related Post : ယခုရက်ပိုင်း ဘူးသီးတောင်တိုက်ပွဲကြောင့် မွတ်ဆလင်အများအပြား ထိခိုက်သေဆုံး

ဗီဒီယိုများ