ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများကို တောင်ပြိုလက်ဝဲတွင် လက်ခံသွားမည်

“ကျနော်တို့ကတော့ တစ်နေ့ ၁၅၀ ဦးလက်ခံသွားမှာပါ။ ဒီဘက်ကတော့ အဆင်သင့်ဖြစ်နေပါပြီ။ ဟိန္ဒူတွေ ဝင်လာမှာလား၊ ဘင်္ဂါလီတွေလားဆိုတာကိုတော့ ဟိုဘက်က တိတိကျကျ ခွဲမပေးသေးဘူးဗျ။ ဒီကစစ်ဆေး ပြီးတဲ့ သူတွေကိုပို့မယ်လို့တော့ပြောတယ်”

21 Aug 2019

ချလူးအောင် | DMG

သြဂုတ် ၂၁ ၊ မောင်တော

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ပြေးသွားသူများအား သြဂုတ်လ ၂၂ ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ရှိ ပြန်လည်လက်ခံရေးစခန်းတွင် လက်ခံသွားမည်ဖြစ်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

နေရပ်ပြန်လာမည့်သူများအား တစ်နေ့လျှင် လူဦးရေ ၁၅၀ ကို စီစစ်လက်ခံသွားမည်ဖြစ်ပြီး ပြန်လာမည့် သူများမှာ ဟိန္ဒူလား၊ မွတ်ဆလင်လားဆိုသည်ကို မသိရသေးကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆိုသည်။

“ကျနော်တို့ကတော့ တစ်နေ့ ၁၅၀ ဦးလက်ခံသွားမှာပါ။ ဒီဘက်ကတော့ အဆင်သင့်ဖြစ်နေပါပြီ။ ဟိန္ဒူတွေ ဝင်လာမှာလား၊ ဘင်္ဂါလီတွေလားဆိုတာကိုတော့ ဟိုဘက်က တိတိကျကျ ခွဲမပေးသေးဘူးဗျ။ ဒီကစစ်ဆေး ပြီးတဲ့ သူတွေကိုပို့မယ်လို့တော့ပြောတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးသွားသူ သုံးထောင်ကျော်အား သြဂုတ်လ ၂၂ ရက်နေ့မှစတင်ကာ ပြန်လည်လက်ခံရန် နှစ်နိုင်ငံ ညှိနှိုင်းသဘောတူထားကြောင်း မြန်မာနိုင်ငံအစိုးရဘက်မှ ပြောဆိုထားသည်။

အဆိုပါ လူဦးရေသုံးထောင်ကျော်ကို ပြန်လည်ပို့ဆောင်ပါက ပြန်လည်နေရာချထားရေးတွင်လည်း အဆင်ပြေ စေရန်အတွက် အုပ်စု ၇ စုဖြင့် လက်ခံဆောင်ရွက်ပေးသွားမယ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက သြဂုတ်လ ၁၆ ရက်နေ့တွင် ပြောသည်။

သို့သော် နှစ်နိုင်ငံသဘောတူစာချုပ်အရ ကာယကံရှင်၏ဆန္ဒအရ ပြန်လည်ဝင်ရောက်လာမှသာ လွှဲပြောင်းလက်ခံရမည်ဖြစ်သည်။

“ဟိုဘက်ကပြန်မလာဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကလည်း မှန်ပါတယ်။ ကျနော်တို့ဘက်ကလည်း ဟိုဘက်အစိုးရက ပြန်ပို့မှ လက်ခံလို့ရမှာ။ သူတို့မလာဘူးဆိုရင် ပြန်လက်ခံလို့ မရဘူးပေါ့” ဟု ဦးစိုးအောင်က ဆိုသည်။

ပြန်လည်လက်ခံရေး လုပ်ဆောင်ရန် ဝန်ထမ်းများဖြင့် အဆင်သင့် ပြင်ဆင်ထားကြောင်းလည်း ၎င်းကပြောသည်။

ယခု ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်လက်ခံရေး ဆောင်ရွက်ရန် စီစဉ်ထားမှုသည် တတိယအကြိမ်မြောက်ဖြစ်သည်။

မောင်တောဒေသမှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရန် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်တစ်ကြိမ် နှစ်နိုင်ငံသဘောတူညီမှုရှိခဲ့သော်လည်း နေရပ် စွန့်ခွာသူ တစ်ဦးတစ်ယောက်မျှ ပြန်လာဝင်ရောက်လာခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်မောင်တောခရိုင်၌ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မွတ်ဆလင်များအပါအဝင် လူဦးရေ ၇ သိန်းခန့် ထွက်ပြေးသွားကြကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ