ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မွတ်ဆလင်များ နေရပ်စွန့်ခွာမှု ၂ နှစ်ပြည့် ဆန္ဒပြမည်

“ကျွန်တော်တို့ ခံစားခဲ့ရတာတွေကို ကမ္ဘာကသိစေဖို့အတွက် ဆန္ဒပြဖို့ သဘောတူပါဝင်မှာပါ။ ကျွန်တော်တို့ နစ်နာမှုတွေကို မြန်မာအစိုးရဘက်က တာဝန်ယူဖြေရှင်းပေးစေချင်တာလည်းပါတယ်” 

21 Aug 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ယခင်ကဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

ချလူးအောင် | DMG

သြဂုတ် ၂၁ ၊ မောင်တော

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြပြီး ဒုက္ခသည်စခန်းတွင် နေထိုင်နေကြသည့် မွတ်ဆလင်များ နေရပ်စွန့်ခွာမှု ၂ နှစ်ပြည့်အဖြစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မောင်တောခရိုင်၌ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မွတ်ဆလင်များအပါအဝင် လူဦးရေ ၇ သိန်းခန့် ထွက်ပြေးသွားကြကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ယခုဆန္ဒဖော်ထုတ်မှုမှာ ၂၀၁၇ ခုနှစ်ဖြစ်စဉ်အပေါ် အစိုးရအနေဖြင့် တာဝန်ခံမှု ရှိစေချင်သည့်အတွက် ဖြစ်ကြောင်း ကူတူပါလောင် ဒုက္ခသည်စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် မာမတ်တာဟဲရ်က ဆိုသည်။

“၂၀၁၇ ဖြစ်စဉ်ကို မမေ့သေးဘူးဆိုတာရယ်။ အစိုးရအနေနဲ့တာဝန်ခံမှု ဖြစ်စေချင်တာရယ်ကြောင့် ဆန္ဒပြဖို့ စီစဉ်နေတာပါ” ဟု ၎င်းကပြောသည်။

အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း မောင်တောမြို့နယ် မြို့သူကြီးကျေးရွာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသူ အဘုလ်တာလောရ်က ၎င်းတို့ခံစားခဲ့ရသည်များကို ကမ္ဘာကသိစေချင်ကြောင်း ပြောသည်။

“ကျွန်တော်တို့ ခံစားခဲ့ရတာတွေကို ကမ္ဘာကသိစေဖို့အတွက် ဆန္ဒပြဖို့ သဘောတူပါဝင်မှာပါ။ ကျွန်တော်တို့ နစ်နာမှုတွေကို မြန်မာအစိုးရဘက်က တာဝန်ယူဖြေရှင်းပေးစေချင်တာလည်းပါတယ်” ဟု အဘုလ်တာလောရ်က ပြောသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရု်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် မွတ်ဆလင် ၃ ထောင်ကျော်ကို ယခု သြဂုတ်လ ၂၂ ရက်မှစတင်ကာ ပြန်လည်လက်ခံရန် နှစ်နိုင်ငံညှိနှိုင်းသဘောတူထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက သြဂုတ်လ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ လူဦးရေ ၃ ထောင်ကျော်ကို ပြန်လည်ပို့ဆောင်ပါက မြန်မာနိုင်ငံအနေဖြင့် ချက်ချင်းလက်ခံဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း၊ ပြန်လည်နေရာချထားရေးတွင်လည်း အဆင်ပြေစေရန်အတွက် အုပ်စု ၇ စုဖြင့် လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

“သူတို့ကို အုပ်စု ၇ စုနဲ့ ပြန်လက်ခံဖို့ အဆိုပြုထားတယ်။ ကျနော်တို့က သူတို့ကို ပြန်နေရာချထားတဲ့အချိန်မှာ တစ်ကွဲတစ်ပြားစီမဟုတ်ဘဲ အစုလိုက်၊ အစုလိုက် နေလို့ရအောင်အတွက်ဖြစ်တယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူဦးရေ ၂ သောင်းကျော် ပါဝင်သည့်စာရင်းအား မြန်မာနိုင်ငံသို့ ပေးပို့လာရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်ဆောင်ရွက်၍ လူဦးရေ ၃၄၅၀ ဦးအား ပြန်လည်လက်ခံနိုင်ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများအားပြန်လည်လက်ခံရန် ၂၀၁၈ ခုနှစ်ကတည်းက ဆောင်ရွက်နေကြသော်လည်း ယနေ့အချိန်ထိ ပြန်လည်လက်ခံနိုင်ခြင်း မရှိကြသေးပေ။

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်အတွင်းတွင် ဟိန္ဒူဘာသာဝင်များ ရာနှင့်ချီ သေဆုံးခဲ့ကြရသည်။

ဗီဒီယိုများ