မြောက်ဦးမြို့နယ်တွင် စပါးရောင်း/ဝယ်ရေးလုပ်နေသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာက စပါးရောင်း/ဝယ်ရေးလုပ်နေသည့် အမျိုးသားတစ်ဦးကို ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက် (၃)နာရီကျော်ခန့်တွင် တပ်မတော်က ဖမ်းဆီးသွားသည်ဟု ဇနီးဖြစ်သူ မနွယ်မာသန်းက ပြောသည်။

By ဝင်းညွန့် 30 Dec 2019

ဝင်းညွန့် | DMG
ဒီဇင်ဘာ ၃၀၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာက စပါးရောင်း/ဝယ်ရေးလုပ်နေသည့် အမျိုးသားတစ်ဦးကို ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက် (၃)နာရီကျော်ခန့်တွင် တပ်မတော်က ဖမ်းဆီးသွားသည်ဟု ဇနီးဖြစ်သူ မနွယ်မာသန်းက ပြောသည်။

အသက် (၃၁) နှစ်အရွယ် ဦးညီပုဆိုသူသည် မိမိနေအိမ်၌ အိပ်နေစဉ် တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်လာပြီး ဖမ်းဆီးသွားခြင်းဟု ၎င်းကဆိုသည်။

“ ဘာကြောင့်နဲ့ဖမ်းသွားလဲဆိုတာမသိဘူး။ အမေ ရန်ကုန်ကဆေးကုလို့ရောက်လို့ နေမကောင်းတဲ့အတွက် ကျွန်မအမေနဲ့လာအိပ်တယ်။ ကျွန်မအိမ်ရှင်က အိမ်မှာတစ်ယောက်တည်း အိပ်နေခဲ့တယ်။ ကျွန်မအမျိုးသားကို ဖမ်းပြီးတော့ အမေ့အိမ်ကိုခေါ်လာတယ်” ဟု မနွယ်မာသန်းက ပြောသည်။

ထို့အပြင် ကိုညီပု၏ ယောက္ခမအိမ်ကိုလည်း တပ်မတော်က ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ၎င်းကဆက်လက်ဆိုသည်။

“ ကျွန်မအိမ်ရှင်က ဘာမှလုပ်ထားတာမရှိဘူး။ ကားတစ်စီးနဲ့ စပါးရောင်းဝယ်ရေး လုပ်စားနေတာပါ” ဟု မနွယ်မာသန်းက ဆိုသည်။

လက်ရှိတွင် ၎င်းကို လင်းမြွေတောင်အနီးတွင် ဖမ်းဆီးထားသည်ဟု သိရှိရသော်လည်း မိသားစုဝင်များအနေဖြင့် စိုးရိမ်သောကြောင့် သွားမတွေ့ရဲဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာတွင် ခရီးသွားနေသဖြင့် ဖြေဆို၍မရသေးဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်သည်ဟုဆိုကာ စွပ်စွဲခံရ၍ တရားစွဲခံရသူ စုစုပေါင်း (၅၀၃)ဦးရှိကာ ယင်းအထဲမှ (၁၀)ဦးလွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ