လက်နက်ကြီးကျရောက်ပေါက်ကွဲသံကြောင့် မြောက်ဦးက အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာတွင် ဖေဖော်ဝါရီလ၂၆ရက် ၊ညနေ ၉ နာရီအချိန်က ရွာ အနီးလက်နက်ကြီးကျရောက်ပေါက်ကွဲမှုသံကြားရသောကြောင့် အမျိုးသမီး တစ်ဦး နှလုံးရပ်သေဆုံးသွား သည်ဟု မိသားစုဝင်များထံက သိရသည်။

By မြတ်ဆွေ 27 Feb 2020

မြတ်ဆွေ | DMG
ဖေဖော်ဝါရီ ၂၇ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာတွင် ဖေဖော်ဝါရီလ၂၆ရက် ၊ညနေ ၉ နာရီအချိန်က ရွာ အနီးလက်နက်ကြီးကျရောက်ပေါက်ကွဲမှုသံကြားရသောကြောင့် အမျိုးသမီး တစ်ဦး နှလုံးရပ်သေဆုံးသွား သည်ဟု မိသားစုဝင်များထံက သိရသည်။

နှလုံးရောဂါအခံရှိသည့် အသက် (၅၈)နှစ်အရွယ် ဒေါ်အေးချေသည် နေအိမ်တွင် မိသားစုနှင့်အတူ စကားပြော နေကြစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲသံကြောင့် နှလုံးရပ်ကာသေဆုံးသွားခြင်းဟု ၎င်း၏အမျိုး သားဖြစ်သူ ကိုလှသိန်းက ပြောသည်။

“လက်နက်ကြီးကပန်းမြောင်အောင်မင်္ဂလာတောင်ကုန်းကတစ်ချက်ပစ်တဲ့အခါဘာမှမဖြစ်သေးဘူး။အတွဲလိုက် ငါးလုံး၊ခြောက်လုံးမြောက်ဦးတပ်ရင်းနေပြီးပစ်လိုက်တာကြောင့်အိမ်ဘေးနား၂ဖာလုံလောက်ဝေးတဲ့ ဝါး တောင်ကုန်းတောင်မှာကျရောက်ပေါက်ကွဲတယ်။လက်နက်ကြီးကအသံလည်းကျယ်တယ်။ကြောက်စရာလည်းကောင်းတယ်။ဒါကြောင့်တစ်ပြိုင်နဲ့တည်းကျနော်မိန်းမကမူးလဲကျပြီးသေဆုံးသွားတယ်”ဟု ၎င်းက ဆိုသည်။

ရွာအနီး လက်နက်ကြီးပစ်ခတ်မှုများရှိနေသောကြောင့် အသက်လုံခြုံရေးနှင့်ပတ်သက်ပြီး ဒေသခံများစိုးရိမ် ထိလန့်နေကြသည်။

“တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ဘာကြောင့်ပစ်တာလည်းမသိဘူး။အဲဒီလို့ပစ်တာကြောင့်ရွာထဲကလူတွေအရမ်း ကိုကြောက်ရွံနေကြပါတယ်။လက်နက်ကြီးတွေရွာနဲ့ ရွာအနီးအနားမှာ မကျစေချင်ဘူး။ရန်သူကိုပစ် မယ် ဆိုရင်ပစ်ပါ။အရပ်သားပြည်သူတွေကိုတော့မထိခိုက်စေချင်ပါ”ဟု ကျောင်းတောင်ဒေသခံ ကိုမောင်အေးတင် က ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အ စောပိုင်း ကပင် တိုက်ပွဲစတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး ယခုအမ်းမြို့နယ်များအထိ တိုက်ပွဲကျယ်ပြန့်လာသည်။

ဗီဒီယိုများ