ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နှစ်ခု ပူးပေါင်းခြင်းကို မြောက်ဦးလူငယ်များအစည်းအရုံး ဂုဏ်ပြုကြိုဆို

ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA/AA) ကို ဖျက်သိမ်းပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့် တစ်သွေးတည်း တစ်သားတည်း ပေါင်းစည်းလိုက်သည်ဟု ကြားသိရသည့်အတွက် ဂုဏ်ပြုကြိုဆိုကြောင်း မြောက်ဦးလူငယ်များအစည်းအရုံး (MUYA ) က ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။

15 Dec 2020

ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၁၅ ၊ စစ်တွေ

ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA/AA) ကို ဖျက်သိမ်းပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့် တစ်သွေးတည်း တစ်သားတည်း ပေါင်းစည်းလိုက်သည်ဟု ကြားသိရသည့်အတွက် ဂုဏ်ပြုကြိုဆိုကြောင်း မြောက်ဦးလူငယ်များအစည်းအရုံး (MUYA ) က ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။

“အဓိကရွယ်ရည်ချက်က သူတို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းကြတယ်ပေါ့၊ အခုလို ပူးပေါင်းတာက အကောင်းဖက်ကနေပြီးတော့ ပူးပေါင်းတယ်လို့ မြင်ပါတယ်။ အဲဒါကြောင့် ကြိုဆိုတာဖြစ်ပါတယ်” ဟု မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) မှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ကိုအောင်ခိုင်စိုးက ပြောသည်။

ရခိုင်ပြည်တော်လှန်ရေးသမိုင်း၌ နာမည်ကြီး တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ခိုင်ဇာရာ ဦးဆောင်ခဲ့သော ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ ရခိုင်ပြည်တပ်မတော် (NUPA/AA) ကို ဖျက်သိမ်းပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း NUPA မှ ပြီးခဲ့သည့်  ဒီဇင်ဘာလ (၁၂) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

အလားတူ ရခိုင်အမျိုးသားအကျိုးစီးပွားကိုရှေးရှု၍ (ULA/AA) နှင့် (NUPA/AA) တို့ ပူးပေါင်းကြောင်း  ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၎င်းအပြင် (ULA/AA) နှင့် (NUPA/AA) တို့ ပေါင်းစပ်ပြီးနောက် အကွဲအပြဲမဖြစ်စေဘဲ ရခိုင်နိုင်ငံရေးပါတီများကို သင်ခန်းစာယူပြီး ရခိုင်ပြည်သူလူထု၏ ရှေ့ရေးအတွက် အမျိုးသားရေးတာဝန်များကို ပူးပေါင်းလုပ်ဆောင်ကြရန်လည်း အလေးအနက်ထား တိုက်တွန်းကြောင်းလည်း မြောက်ဦးလူငယ်များအစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်ပြီး တစ်ယောက်တစ်ပေါက် ပြောနေကြမယ့်အစား၊ စည်းစည်းလုံးလုံးနဲ့ အသံတစ်ခုတည်း ထွက်နိုင်ရင်တော့ ကျနော်တို့ ပြည်သူတွေအတွက် ပိုပြီးတော့အကျိူးရှိမှာပေါ့၊ ” ဟု ကိုအောင်ခိုင်စိုးက ဆိုသည်။  

ယင်းအပြင် ကျန်ရှိနေသည့် ရခိုင်လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း (ULA/AA) နှင့် (NUPA/AA)တို့ ပေါင်းစည်းသကဲ့သို့ ပေါင်းစည်းကြပြီး အမျိုးသားရေးတာဝန်ကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်း MUYA က ဆိုသည်။

ဗီဒီယိုများ