တိုင်းပြည် အမှောင်မိုက်ဆုံးအနေအထားသို့ရောက်နေပြီဟု PPST ပြောခွင့်ရသူ ရဲဘော်မျိုးဝင်းပြော

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲမသာမာမှုရှိသည်ဟုအကြောင်းပြကာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူခဲ့သည်။

09 Dec 2021

DMG ၊ ဒီဇင်ဘာလ ၉

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲမသာမာမှုရှိသည်ဟုအကြောင်းပြကာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူခဲ့သည်။

လက်ရှိမှာ အာဏာသိမ်းမှု အချိန် ၁၀ လကျော်ကြာမြင့်လာပြီဖြစ်ကာ နိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ခဲ့ပြီး တစ်ဖက်မှာလည်း ဒေသအသီးသီး၌ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

အာဏာသိမ်းမှု၏နောက်ဆက်တွဲအဖြစ် နိုင်ငံအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးများ ဆိုးရွားသည့်အခြေအနေဖြစ်လာနေပြီး တိုင်းပြည်မှာ အမှောင်မိုက်ဆုံးအနေအထားတစ်ခုကိုရောက်ရှိနေပြီဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်း ကပြောသည်။

“ဒီတိုင်းသာဆက်သွားမယ်ဆိုရင် တိုင်းပြည်ရဲ့အလားအလာက အကောင်းဖက်ကိုဦးမတည်ဘဲနဲ့ အဆိုးဆုံးအခြေအနေကို ရောက်သွားနိုင်တယ်။ ဒီလိုမျိုးဆောင်ရွက်မှုတွေက နိုင်ငံရေးအရ အဖြေရှာဖို့ ရလာဒ်ကောင်းတွေရလာနိုင်မှာ မဟုတ်ဘူး။ စစ်ကောင်စီအတွက်လည်း နိုင်ငံရေးအရဖြေရှင်းနိုင်မယ့်အခြေခံကို ရောက်ရှိနိုင်မှာမဟုတ်ဘူး”ဟု ရဲဘော်မျိုးဝင်းကပြောသည်။

မြန်မာနိုင်ငံ၏အခြေအနေသည် ငြိမ်းချမ်းရေးထက် ရွေးကောက်ပွဲရလာဒ်ကြောင့်ဖြစ်ပေါ်လာသည့် နိုင်ငံအရေးအကျပ်အတည်းကိုဖြေရှင်းနိုင်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း PPST က ထုတ်ဖော်ပြောကြားထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို PPST က ရပ်ဆိုင်းထားသည်။

PPST အနေဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ပြဿနာကိုဖြေရှင်းနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုကော်မတီတစ်ရပ်ကိုဖွဲ့စည်းပြီး ပြည်တွင်း၊ ပြည်ပမှ သက်ဆိုင်ရာအစုအဖွဲ့များနှင့်တွေ့ဆုံကာ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ရဲဘော်မျိုးဝင်းကပြောသည်။

“အခုဖွဲ့စည်းထားတဲ့ကော်မတီဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးဆိုတာထက် ရွေးကောက်ပွဲအငြင်းပွားမှုကြောင့်ဖြစ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို ညှိနှိုင်းအဖြေရှာဖို့ဖြစ်တယ်"ဟု ရဲဘော်မျိုးဝင်းကပြောသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက PPST ၏ ညှိနှိုင်းဆွေးနွေးမှုကော်မတီမှ ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့်တွေ့ဆုံပြီး လက်ရှိအကျပ်အတည်းကိုဖြေရှင်းနိုင်ရန် အစီအစဉ်များစလုပ်ခဲ့ကြောင်းလည်း ရဲဘော်မျိုးဝင်းကဆိုသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုပါဝင်သည့် NCAs–EAO မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ကို ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းထားခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ NCA လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော် တိုင်းရင်းသားများမျှော်မှန်ထားသည့် ရလဒ်များမရရှိသေးကြောင်း NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က ပြောဆိုထားသည်။

ဗီဒီယိုများ