ကျောက်တော်မှာ ကျေးရွာအတွင်းလက်နက်ကြီးကျပြီး ၅ ဦး ဒဏ်ရာရ

ဗိုလ်မှူးကြီးဝင်းဇော်ဦးက “AA ကျတော့ မပြောရဲဘူး။ အဲ့ဒီရွာက AA ကျတော့ လိုတာအကုန် ထောက်ပံ့တယ်။ မနေ့က တိုက်ပွဲဖြစ်တယ်။ သူပစ်ကိုယ်ပစ် ပစ်တယ်။ ဘယ်ကျည်ကြောင့်မှန်တယ်ဆိုတာ ကျနော်မသိဘူး။ အဲဒီလို လက်ခံနေသရွှေ့ ကာလပတ်လုံးကတော့ အဲဒီလိုမှန်နေမှာပဲ” ဟု ပြောသည်။

By အောင်ထိန် 01 Oct 2019

ဓာတ်ပုံ - Daw Hnin Hnin Kyaw fb

အောင်ထိန် | DMG

အောက်တိုဘာ ၁ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာတွင် အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၁ နာရီခန့်က လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ကျောင်းထိုင်ဆရာတော်အပါအဝင် ၅ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၉ ရက်နေ့က မီးဝကျေးရွာအနီးတွင် တပ်မတော်နှင့် အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များကျေးရွာအတွင်းကျရောက်သဖြင့် ကျေးရွာသားနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ထိုကြောင့် ကျေးရွာသားများမှာ ရွာအတွင်းမနေရဲကြတော့ဘဲ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံလျက်ရှိစဉ် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် လက်နက်ကြီး၊ လက်နက်ငယ်များကျေးရွာအတွင်း ထပ်မံကျရောက် သဖြင့် ကျောင်းထိုင်ဆရာတော်၊ ကိုရင်တစ်ပါးနှင့် ကျေးရွာသားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော် လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

“မနေ့ကလည်းလက်နက်ကြီး၊ လက်နက်ငယ်ပစ်လို့ ဒဏ်ရာရသွားကြတယ်။ အဲ့ဒါကြောင့် ကြောက်ပြီး ရွာသားတွေက ဘုန်ကြီးကျောင်းသွားအိပ်ကြတယ်။ ဘုန်းကြီးကျောင်းက ဘကကျောင်းဆိုတော့ ဆရာမတွေလည်း အဲဒီမှာနေကြတယ်။ ဆရာတော်ကကျောင်းထက်ကအဆင်းမှာ ကျည်ထိသွားတယ်။ ညတစ်နာချိန်မှာ တပ်မတော် နေဗီက မြစ်ထဲကနေပြီးလက်နက်ကြီးတွေနဲ့ပစ်တာကြောင့် ဒဏ်ရာရသွားတာ” ဟု ၎င်းကဆိုသည်။

ကျေးရွာသားများ၏ပြောဆိုချက်အပေါ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းရာ တပ်မတော်နှင့် အေအေတို့ နှစ်ဖက်တိုက်ပွဲကြားတွင် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“AA က ဘာဖြစ်လို့ မီးဝရွာထဲကနေ လာပစ်တာလဲ။ အဲဒီမီးဝရွာက ဘာဖြစ်လို့ AA ကို လက်ခံတာလဲ။ ကျနော်တို့ကိုပစ်လို့ကတော့ အကုန်လုံးမှန်ရင်မှန်သွားမယ်၊ တိုက်ပွဲနယ်မြေမှာကတော့ ပစ်မှာပဲ။ အဲဒီလို မဖြစ်စေချင်ရင် AA ကိုပြော ရွာထဲကနေလာမပစ်နဲ့လို့” ဟု ၎င်းကဆိုသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက “AA ကျတော့ မပြောရဲဘူး။ အဲ့ဒီရွာက AA ကျတော့ လိုတာအကုန် ထောက်ပံ့တယ်။ မနေ့က တိုက်ပွဲဖြစ်တယ်။ သူပစ်ကိုယ်ပစ် ပစ်တယ်။ ဘယ်ကျည်ကြောင့်မှန်တယ်ဆိုတာ ကျနော်မသိဘူး။ အဲဒီလို လက်ခံနေသရွှေ့ ကာလပတ်လုံးကတော့ အဲဒီလိုမှန်နေမှာပဲ”  ဟု ပြောသည်။

မီးဝကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းရှိ၊ မရှိကို ရက္ခိုင့်တပ်တော်(AA)အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

သို့သော် ကျေးရွာသားများမှပြောကြားရာတွင် မီးဝကျေးရွာ၌ ယနေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေယာဉ် (နေဗီ)မှတက်ကာ ညဉ့် ၁ နာရီခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းပြောဆိုကြသည်။

လက်နက်ကြီး၊ လက်နက်ငယ်ကျရောက်မှုကြောင့် မီးဝကျေးရွာမှ ကျောင်းထိုင်ဆရာတော်၊ ကိုယ်ရင်တစ်ပါးနှင့် မောင်ဆန်းဝင်းလှိုင် ၁၄ နှစ်၊ မောင်တောင်ဘား ၁၅ နှစ်၊ ဆရာမမဆန်းဆန်းနွယ် ၁၉ နှစ်တို့တွင် ကျည်ထိမှန် သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဒဏ်ရာရရှိသူ ၅ ဦးအား ကျောက်တော်ဆေးရုံသို့ပို့ဆောင်ကာ အရေးပေါ်ဆေးကုသမှုခံယူနေရပြီး ဆရာတော်နှင့် ကိုယ်ရင်လေးတို့တွင် ဒဏ်ရာပြင်းထန်သောကြောင့် ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံသို့ ယူဆောင်လာနေကြောင်းလည်း သိရသည်။

“ဆရာတော်ဒဏ်ရာကတော့ ပြင်းတယ်။ ညာဘက်ရင်ဘက်မှာ လက်နက်ကြီးကျည်စ ထိသွားတာ။ အခု ကျောက်တော်ဆေးရုံမှာ အရေးပေါ်ကုသနေရတယ်။ ကိုရင်မှာတော့ ဦးခေါင်းမှာထိသွားပြီး သတိမရဘဲဖြစ် သွားတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ညွှန့်က ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ရွာသားသုံးဦးမှာ မောင်ဆန်းဝင်းလှိုင်တွင် ခါး၌ဒဏ်ရာရ၊ မောင်တောင်ဘားတွင် ဦးခေါင်း၌ဒဏ်ရာရ၊ ဆရာမ မဆန်းဆန်းနွယ်တွင် ညာဖက် လက်ဖျံတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၉ ရက်နေ့က မီးဝကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်ကျရောက်မှုများကြောင့် ကျေးရွာသား ဦးသာထွန်းဦး ၆၃ နှစ်နှင့် မောင်နိုင်လင်းစိုး ၂၂ နှစ်တို့တွင် ကျည်ထိမှန်သွားခဲ့ပြီး ဆေးကုသမှု ခံယူနေကြရသည်။

ဗီဒီယိုများ