သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ဘေးရှောင်များအပါအဝင် ဒေသခံ ၇၀၀၀ ကျော် အခက်အခဲဖြစ်

ထိုင်း-မြန်မာနယ်စပ်အနီး သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြဝတီမြို့ခံများနှင့် သောင်ရင်းမြစ်အနီးရှိ စစ်ဘေးရှောင်စခန်းများမှ ဒေသခံ ၇၀၀၀ ကျော်ရေဘေးသင့်ခဲ့ပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ဒေသတွင်း ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

23 May 2022

မေ ၂၁ ရက်နေ့က မိုးရွာသွန်းမှုကြောင့် မြဝတီမြို့ မြေနိမ့်ပိုင်းရပ်ကွက်အချို့နှင့် စစ်ဘေးရှောင်စခန်းများ ရေဘေးဒဏ်ခံခဲ့ရစဉ်။

DMG ၊ မေ ၂၃

ထိုင်း-မြန်မာနယ်စပ်အနီး သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြဝတီမြို့ခံများနှင့် သောင်ရင်းမြစ်အနီးရှိ စစ်ဘေးရှောင်စခန်းများမှ ဒေသခံ ၇၀၀၀ ကျော်ရေဘေးသင့်ခဲ့ပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ဒေသတွင်း ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ပြီးခဲ့သည့်မေလ ၂၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တောင်ကျချောင်းရေကျဆင်းခဲ့ပြီး သောင်ရင်းမြစ်ရေမြင့်တက်ခဲ့သည်။ ထို့ကြောင့် မြဝတီမြို့အတွင်းရှိ အမှတ်( ၁)၊ အမှတ်( ၂)၊ အမှတ်(၄)နှင့် အမှတ်(၅) စသည့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေဝင်ရောက်ကာ ရေကြီးမှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးမှပြောသည်။

"ရုတ်တရက်ကြီး မိုးကြီးတာကနေ တောင်ကျချောင်းရေများပြီး မြစ်ရေလျှံတာ။ အနိမ့်ပိုင်းက ရပ်ကွက်လေးခုက ရေနစ်မြုပ်သွားပါတယ်"ဟု ၎င်းမှပြောသည်။

ထိုသို့ရေဘေးသင့်ခဲ့သည့်ရပ်ကွက်လေးခုမှ အိမ်ထောင်စု(၃၀၉)စု၊ လူဦးရေ (၁၀၆၈)ဦးကို နီးစပ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံတို့တွင် ယာယီနေရာချပေးထားကြောင်း အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်သူများထံမှ သိရသည်။

"မိုးကြီးတာတို့ဆိုရင် တောင်ကျချောင်းရေအရမ်းကျတာနဲ့ သောင်ရင်းမြစ်က ရေအရမ်းတက်တယ်။ ကမ်းပါးပြိုကျတာတွေလည်းရှိတယ်။ အရင်ကတည်းကဖြစ်နေကျပေါ့နော်။ ပုံမှန်မိုးရာသီရောက်ပြီး နှစ်လအကြာမှဖြစ်တာ။ ဒီနှစ်ကတော့စောတယ်။ အခြေအနေလည်းဆိုးသွားတယ်။ ရေကျဖို့က မြစ်ရေအခြေအနေကြည့်ရမယ်"ဟု မြဝတီမြို့ဒေသခံတစ်ဦးမှဆိုသည်။

မြစ်ရေကြီးမှုနှင့် ကမ်းပါးပြိုကျမှုတို့ကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးရှိ စစ်ဘေးရှောင်စခန်းများမှ ဒေသခံ ၆၀၀၀ ကျော်နီးပါး နေရာရွှေ့ပြောင်းခဲ့ရပြီး နေထိုင်စရာအမိုးအကာနှင့် အဝတ်အစားများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

"မိုးရွာတာက ရက်ဆက်ဖြစ်သွားတာရယ်၊ မြစ်ရေကအရမ်းတက်လာတာရယ်ဆုံပြီး ကမ်းပါးတွေပါပြိုကျကုန်တာ။ မြစ်နဲ့နီးတဲ့စစ်ရှောင်စခန်းတွေ အကုန်နေရာရွှေ့လိုက်ရတယ်။ အခုလောလောဆယ် အမိုးအကာတို့ အဝတ်အစားတွေ အရေးပေါ်လိုအပ်နေပါတယ်။ စားနပ်ရိက္ခာကိုတော့ ရှိသလိုစီစဉ်ပေးထားပါတယ်"ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးမှပြောသည်။

ထိုင်း-မြန်မာနယ်စပ်အနီးရှိ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ဖြစ်သည့် ၉၆၃ စင်တီမီတာမှ ၈၂၅ စင်တီမီတာသို့ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း ယနေ့(မေလ ၂၃ ရက်) နေ့လည် ၁၂ နာရီခွဲအချိန်၌ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းနှင့် တောင်ပိုင်းတို့၌ မုတ်သုန်လေအားကောင်းမှုကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၇ ခု၌ မိုးကြီးမှုနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်ကာ ရုတ်တရက် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်နှင့်မြစ်ကမ်းအနီးနေထိုင်သူများ သတိပြုကြရန် မိုးဇလမှ ယနေ့ သတိပေးထားသည်။

ဗီဒီယိုများ