မြဝတီ-ကော့ကရိတ်အာရှလမ်းမတွင် ယာဉ်သွားလာများအပေါ် KNLA မှ စည်းကမ်းတင်းကျပ်ထား

ကရင်ပြည်နယ် မြဝတီမြို့နှင် ကော့ကရိတ်မြို့နယ်သို့သွားသည့် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ယာဉ်အသွားအလာများပြားလာမှုကြောင့် ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော် (KNLA)မှ စည်းကမ်းတင်းကျပ်မှုများပြုလုပ်ထားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

31 Dec 2021

မြဝတီ-ကော့ကရိတ်အာရှလမ်းမတနေရာ (photo Crd - ကော့ကရိတ်ပွင့်လင်းသတင်းစဉ်)

DMG ၊ ဒီဇင်ဘာ ၃၁

ကရင်ပြည်နယ် မြဝတီမြို့နှင် ကော့ကရိတ်မြို့နယ်သို့သွားသည့် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ယာဉ်အသွားအလာများပြားလာမှုကြောင့် ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော် (KNLA)မှ စည်းကမ်းတင်းကျပ်မှုများပြုလုပ်ထားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

မြန်မာစစ်တပ်နှင့် ကေအန်ယူလက်အောက်ခံ KNLA ပူးပေါင်းတပ်ဖွဲ့ကြား ပြီးခဲ့သည့်ဒီဇင်ဘာ ၂၅ ရက်မှစ၍ မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး မြန်မာစစ်တပ်မှ အရပ်ကားများ၊ လူနာတင်ယာဉ်များကိုတားဆီးကာ စစ်အင်အားဖြည့်တင်းရန်ကြိုးပမ်းနေသည့်အတွက် စည်းကမ်းတင်းကျပ်မှုများပြုလုပ်ထားခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၆)နယ်မြေနဲ့ နီးစပ်သူတစ်ဦးမှ DMG ကိုပြောသည်။

"စစ်ကောင်စီက အခုဖြစ်နေတဲ့ လေးကေ့ကော်တိုက်ပွဲမှာလဲအကျအဆုံးများနေတယ်။ ပြီးတော့ ကော့ကရိတ်ဘက်ကိုလည်းအာရှလမ်းကနေ အင်အားဖြည့်တင်းဖို့ကြိုးစားနေတယ်ပေါ့။ အဲ့ဒီအချိန်မှာ အရပ်သားကားတွေကိုတားပြီးလိုက်စီးတာ၊ လူနာတင်ယာဉ်တွေကိုဝင်စီးပြီး ကားယူတာတွေရှိတဲ့အတွက် ယာဉ်သွားယာဉ်လာစည်းကမ်းတွေကို လုံးဝတင်းကျပ်ထားလိုက်တာဖြစ်ပါတယ်"ဟု အဆိုပါနီးစပ်သူကပြောသည်။

အရပ်သားကားများအနေဖြင့် မြဝတီ-ကော့ကရိတ်အာရှလမ်းပေါ်သို့ သွားလာခြင်းပြုလုပ်ပါက ကားတံခါးမှန်များကိုချထားရန်၊ KNLA တာဝန်ရှိသူများဘက်မှ တားမြစ်စစ်ဆေးပါက အစစ်ဆေးခံယူရန်၊ ကားများကို တာလပတ်အုပ်၍သွားလာခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် စစ်သုံးပစ္စည်းလက်နက်ခဲယမ်းများ သယ်ဆောင်ပေးခြင်းမပြုရန်တို့ကို KNLA မှ သတိပေးထားသည်။

ထုတ်ပြန်ထားသည့် စည်းကမ်းများကိုလိုက်နာမှုမရှိဘဲ ခရီးသွားလာမှုများပြုလုပ်နေကြသည်ကို တွေ့မြင်နေရသဖြင့် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် စည်းကမ်းမဲ့ယာဉ်များအား သတိပေးပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း KNLA မှ ဆိုထားသည်။

ထိုသို့ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် တချို့မော်တော်ယာဉ်လိုင်းများမှာ သွားလာခြင်းမရှိတော့ဘဲ ရပ်နားထားရသည့်အပြင် စီးနင်းသူများနှင့်ယာဉ်မောင်းများမှာ စိုးရိမ်မှုရှိနေရသော်လည်း မဖြစ်မနေသွားလာနေရခြင်းကြောင့် နားလည်မှုများပေးစေလိုကြောင်း ရန်ကုန်-မြဝတီ-ကော့ကရိတ်ခရီးသည်လိုင်းယာဉ် မောင်းသူတစ်ဦးမှဆိုသည်။

"တိုက်ပွဲတွေက အခုဆိုပိုဖြစ်လာတော့ သွားလာရတာ အရမ်းခက်ခဲလာပါတယ်။ မတော်တဆ ကိုယ့်ကိုထိခိုက်သွားလေမလားဆိုတဲ့အတွေးကတော့ ကားသမားတိုင်းရှိပါတယ်။

ဒါပေမဲ့စားဝတ်နေရေးအတွက်ကတော့ မဖြစ်မနေမောင်းရမှာပဲဆိုတော့ မတတ်နိုင်ဘူးပေါ့။ အချို့ယာဉ်လိုင်းတွေကတော့ ပြန်ရပ်နားတာတွေတော့ရှိတယ်ပေါ့နော်။ အခြေအနေတည်ငြိမ်လာမလားဆိုပြီး စောင့်နေတဲ့သဘောလဲပါမှာပေါ့လေ"ဟု ၎င်းကဆိုသည်။

ယမန်နေ့(ဒီဇင်ဘာ ၃၀ ရက်)တွင်လည်း လေးကေ့ကော်မြို့သစ်၌ မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လမ်းမှားဝင်ရောက်လာသည့် စစ်တပ်မှတပ်ရင်းမှူးတစ်ဦးအပါအဝင် တပ်သားခုနှစ်ဦးကို KNLA ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးမှုများရှိခဲ့သည်။

ဗီဒီယိုများ