မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာများ ပြတ်လပ်နေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းတွင် ဆန်၊ဆီ၊ဆားများ ပြတ်လပ်နေသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေသည်ဟု စခန်းတာဝန်ခံ အရှင်သဘာဝနဒီက မိန့်ကြားသည်။

By မြတ်ဆွေ 31 Mar 2020

စညှင်း စစ်ဘေးရှောင်စခန်းအား တွေ့ရစဉ်။ (ဓာတ်ပုံ - သဘာဝနဒီ)

မြတ်ဆွေ | DMG
မတ် ၃၁ ၊ မြေပုံ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းတွင် ဆန်၊ဆီ၊ဆားများ ပြတ်လပ်နေသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေသည်ဟု စခန်းတာဝန်ခံ အရှင်သဘာဝနဒီက မိန့်ကြားသည်။

ယင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်(၇၇၉)ဦး ခိုလှုံနေကြခြင်းဖြစ်ပြီး ဆန်အိတ်(၃)အိတ်သာ ကျန်ရှိတော့သည်။ လက်ရှိအချိန်တွင် ယင်းစစ်ဘေးရှောင်စခန်းကို ကူညီထောက်ပံ့မည့်သူများ နည်းပါးလာသောကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်ခြင်းဟု ၎င်းက ဆက်လက်မိန့်သည်။

“အခုက စစ်ဘေးရှောင်စခန်းမှာ လူဦးရေကကျတော့ များပြားပြီး ဆန်အိတ်(၃) အိတ်ပဲ ကျန်ရှိတော့တယ်။ အဲဒီဆန်အိတ်ကိုလည်း ညနေပိုင်းမှာ ဝေမျှစားသုံးဖို့လည်း မလုံလောက်ဖြစ်နေတယ်” ဟု အရှင်သဘာဝနဒီ က မိန့်ကြားသည်။

ယင်းစစ်ဘေးရှောင်စခန်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် ဟင်းခရော်၊ အင်ကြင်း စသည့်ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသူများ ခိုလှုံနေကြသည်။ ယင်းစစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ အခက်အခဲရှိသောကြောင့် အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်ချင်သော်လည်း တပ်မတော်၏ တားမြစ်မှုများ ရှိသောကြောင့် အပြင်ထွက်၍ အလုပ်လုပ်ကိုင်၍မရဟု စခန်းတာဝန်ရှိသူများက ဆိုကြသည်။

“စစ်ဘေးရှောင်စခန်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါထက် စားဝတ်နေရေးကို ကြောက်နေကြတယ်။ ဘာလို့လို့လည်းဆိုတော့ ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်တဲ့အတွက်ဖြစ်တယ်”ဟု အရှင်သဘာဝနဒီက မိန့် ကြားသည်။

ယင်းစစ်ဘေးရှောင်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသောကြောင့် စစ်ဘေးရှောင်များအတွက် အန္တရာယ်ရှိသည်ကို တွေ့ရှိရသည်ဟုဆိုကာ တခြားနေရာသို့ပြောင်းရွှေ့ရန် တပ်မတော်က အသိပေးထားသည်။

ဗီဒီယိုများ