စစ်တွေမြို့မဈေးတွင် COVID -19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ မရောင်းချပါက ဈေးအားယာယီ ပိတ်သိမ်းမည်ဟု အသိပေးစာထုတ်

ရခိုင်ပြည် မြို့တော် စစ်တွေမြို့မဈေးတွင် ဈေးရောင်းချနေသူများအနေဖြင့် COVID -19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရောင်းချခြင်းမပြုလုပ်ပါက ဈေးအားယာယီပိတ်သိမ်း၍ (Lock Down ) ချသွားမည် ဖြစ်ကြောင်း အသိပေးစာများကို ဈေးအကျိုးတော်ဆောင်ကော်မတီ အသိပေးစားများ လိုက်လံဖြန့်ဝေခဲ့ကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။

08 Jul 2021

DMG | ဇူလိုင် ၈

ရခိုင်ပြည် မြို့တော် စစ်တွေမြို့မဈေးတွင် ဈေးရောင်းချနေသူများအနေဖြင့် COVID -19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရောင်းချခြင်းမပြုလုပ်ပါက ဈေးအားယာယီပိတ်သိမ်း၍ (Lock Down ) ချသွားမည် ဖြစ်ကြောင်း အသိပေးစာများကို ဈေးအကျိုးတော်ဆောင်ကော်မတီ အသိပေးစားများ လိုက်လံဖြန့်ဝေခဲ့ကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။

အဆိုပါ ကြေညာချက်စာရွက်များကို ယနေ့ ဇူလိုင်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်က ဈေးတာဝန်ရှိသူများက လိုက်လံဝေငှခဲ့ကြောင်း အမည်မဖော်လိုသည့် ဈေးသည်တစ်ဦးကပြောသည်။

အဆိုပါ ကြေညာချက်တွင် Mask ဝတ်ဆင်ကာ ရောင်းချရန်၊ သတ်မှတ်ထားသည့် နေရာများမှသာ ဝင်ထွက်သွားလာရန်၊ သတ်မှတ်ဧရိယာထက်ကျော်လွန်၍ ခင်းကျင်းရောင်းချခြင်းမပြုလုပ်ရန်၊ နံနက် ၇ နာရီမှ ညနေ ၅ နာရီအတွင်း အချိန်မီပိတ်သိမ်းရန်၊ ဆိုင်ခန်းဧရိယာအား ကြိုးတားထားရန်နှင့် ဆိုင်ခန်းအားလုံး လက်သန့်ဆေးရည် ထားရှိရန်တို့ ပါရှိကြောင်း သူကဆိုသည်။

“ဒါတွေကို လိုက်နာဖို့ဆိုပြီး ဝေသွားတယ်။ ဒါပေမယ့် ဘယ်နေ့က စလုပ်ရမယ်ဆိုတာတော့မပါဘူး။ ဒီနေ့တော့ ညနေ ၅ နာရီထိုးတဲ့အထိတော့ သိမ်းတာတွေ သိပ်မတွေ့ရဘူး။ မနက်ဖြန်လောက်ကစပြီး စကြမလားတော့ မပြောတက်ဘူး” ဟု သူကဆိုသည်။

ထို့အပြင် လက်ရှိထုတ်ပြန်ထားသည့်စာအရ နံနက် ၇ နာရီမှ မွန်းလွဲ ၅ နာရီ မတိုင်မီအထိ ခွင့်ပြုပေးထားသည့်အတွက် ယခင်ကိုဗစ်ကာလများထက် ပိုမိုအဆင်ပြေကြောင်းနှင့် Mask တပ်ဆင်မှုအပိုင်းတွင် အနည်းငယ်အခက်အခဲရှိကြောင်း လူသုံးကုန်ပစ္စည်းရောင်းချသူ မနွယ်နွယ်က ဆိုသည်။

“အရင် အခေါက်တွေထက်စာရင်တော့ တော်ပါသေးတယ်။ ဒါပေမယ့် Mask တပ်တဲ့ အပိုင်းမှာတော့ နည်းနည်းအခက်ခဲရှိတယ်။ ကျွန်မတို့မှာက အကျင့်မရှိတော့ အကြာကြီးတပ်ရင် အသက်ရှူကြပ်တာတွေ ကြုံရတယ်။ နောက်ပြီး ဈေးကို လာတဲ့သူတွေတော်တော်များများကလည်း Mask တပ်တာမရှိဘူး။ တာဝန်ရှိသူတွေကတော့ ဈေးထိပ်မှာ Mask ဝေတာတွေဘာတွေတော့ တွေ့တယ်” ဟု သူကဆိုသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီအနေဖြင့် စစ်တွေမြို့မဈေးတွင် mask များကို အခမဲ့ဖြန့်ဝေကာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး ဈေးအတွင်း Mask မတပ်ဘဲ ဈေးရောင်း၊ ဈေးဝယ် မရှိစေရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း စစ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက ဇူလိုင်လ (၅) ရက်နေ့က ပြောဆိုခဲ့သည်။

“ဈေးလာတဲ့လူတွေကို Mask အခမဲ့ပေးတာတွေလုပ်မယ်။ ပြီးရင်တော့ မတပ်တဲ့လူတွေကို အရေးယူတာတွေကိုလည်း လုပ်သွားမှာပါ” ဟုလည်း ၎င်းကဆိုခဲ့သည်။

ယနေ့ ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းအထိ ရခိုင်ပြည်တွင် COVID -19 ရောဂါပိုးတွေ့ရှိသူ ၆၁၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ