မြန်မာ့နိုင်ငံ၏ ပြဿနာများကို ရွေးကောက်ပွဲစနစ်ပြောင်းရုံနှင့် အဖြေမရနိုင်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကရှုမြင်

မြန်မာနိုင်ငံတွင် ပြည်ထောင်စုရေရှည်တည်တံ့နိုင်ရေး၊ နိုင်ငံတော် အဓွန့်ရှည်ကြာရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားရေးအတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို အကောင်အထည်ဖော်ရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

05 Aug 2022

DMG ၊ သြဂုတ် ၅

မြန်မာနိုင်ငံတွင် ပြည်ထောင်စုရေရှည်တည်တံ့နိုင်ရေး၊ နိုင်ငံတော် အဓွန့်ရှည်ကြာရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားရေးအတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို အကောင်အထည်ဖော်ရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

PR စနစ်ကို အကောင်အထည်ဖော်နိုင်မှသာ ပြည်သူနှင့် ဒီမိုကရေစီစနစ်မှာ သဟဇာတဖြစ်လိမ့်မည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီများအားလုံး လွှတ်တော်တွင်ပါဝင်နိုင်မည်ဟုလည်း ၎င်းကဆိုသည်။

“တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေကို အခွင့်အရေးတွေပေးအပ်နိုင်ဖို့ ဆောင်ရွက်ရာမှာ အဖြေရှိပါတယ်။ တိုင်းရင်းသားတွေဟာ အခွင့်အရေးတွေ သူတို့ရဲ့နစ်နာမှုတွေကို တရားဝင်နိုင်ငံရေးစင်မြင့်မှာ ပြောခွင့်၊ ဆိုခွင့်၊ တောင်းဆိုခွင့်ရှိရပါလိမ့်မယ်။ ဒါကိုပေးဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွေပဲဖြစ်ပါတယ်။ လွှတ်တော်အသီးသီးမှာ တိုင်းရင်းသားတွေ လူထုလူတန်းစားအလွှာသီးသီးက ကိုယ်စားပြုတွေပါဝင်နိုင်ဖို့ လိုပါတယ်”ဟု စစ်ကောင်စီဥက္ကဋ္ဌက သြဂုတ်လ ၁ ရက်နေ့တွင်ပောကြားခဲ့သည်။

သို့သော် လက်ရှိမြန်မာနိုင်ငံ၏ ပဋိပက္ခများကိုဖြေရှင်းရေးမှာ ရွေးကောက်ပွဲစနစ်တစ်ခုကိုပြောင်းလဲရုံဖြင့် အဖြေရနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။

ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက စစ်မှန်သည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေးမှာ အားလုံးပါဝင်သည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရန်အရေးကြီးသည်ဟုပြောသည်။

"လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကလည်း ရှုပ်ထွေးမှုတွေရှိတယ်။ အဲဒါကြောင့် မြန်မာ့နိုင်ငံရေးပြဿနာအရှုပ်အထွေးကို ရွေးကောက်ပွဲစနစ်တစ်ခုကို ပြောင်းလဲရုံနဲ့ အဖြေရလိမ့်မယ်လို့ အတိအကျပြောလို့ရနိုင်တဲ့ အခြေအနေမရှိဘူးလို့မြင်တယ်” ဦးသာထွန်းလှကပြောသည်။

ဆက်လက်၍ ဦးသာထွန်းလှက “ရွေးကောက်ပွဲစနစ်တိုင်းမှာ အားသာချက်၊ အားနည်းချက်ဆိုတာရှိတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲစနစ်တစ်ခုကြောင့် အကျိုးသက်ရောက်မှု ဘယ်လောက်ရှိမလဲဆိုတာကို ကျနော်တို့က စောင့်ကြည့်ရဦးမှာဖြစ်တယ်"ဟု ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမာမှုရှိသည်ဟုအကြောင်းပြကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သည့် အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ လာမည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲကျင်းပမည်ဟုလည်း စစ်ကောင်စီက ပြောဆိုထားသည်။

ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ (Frirst Past the Post–FPTP)စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation– PR)ဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် စစ်ကောင်စီမှ ပြင်ဆင်နေသည်။

\ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် PR စနစ်ကို ကျင့်သုံးမည်ဟုပြောဆိုခြင်းမှာ စစ်ကောင်စီကိုလိုလားသည့် နိုင်ငံရေးအင်အားစုများ အာဏာရရှိရေးအတွက် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြသည်။

“PR စနစ် ကျင့်သုံးနေရုံနဲ့တော့ ငြိမ်းချမ်းရေးမရနိုင်ဘူး။ တိုင်းရင်းသားတွေအားလုံး တောင်းဆိုနေတာ ဖယ်ဒရယ်ဒီမိုကရေစီ စနစ်ထူထောင်ဖို့ တောင်းဆိုတိုက်ပွဲဝင်နေကြတာဖြစ်တယ်။ အဲဒါကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ (PR စနစ်)အဆိုပြုချက်ဟာ သူအာဏာရရှိရေးအတွက် သူလိုလားတဲ့ နိုင်ငံရေးအင်အားစုတွေကို လွှတ်တော်ထဲမှာ အများစုနေရာရရှိရေးအတွက် လုပ်ကိုင်လာတဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်တယ်လို့မြင်တယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အဖြေမှာ ရွေးကောက်ပွဲမဟုတ်ဘဲ စစ်ကောင်စီအနေဖြင့် စစ်မှန်သည့်ပြည်ထောင်စုကိုပုံဖော်ချင်လျှင် တိုင်းရင်းသားလက်နက်ကိုင်များ လိုချင်သည့်ပုံစံမျိုးကို လိုက်လျောရန်လိုကြောင်း ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေကဆိုသည်။

“ဒီနိုင်ငံရဲ့ အဓိကအဖြေဟာ ရွေးကောက်ပွဲမဟုတ်ဘူး။ တိုင်းရင်းသားတွေ ဘာလိုချင်တယ်။ ဘာဖြစ်ချင်တယ်ဆိုတာကို သူတို့နဲ့မဆွေးနွေးဘဲ ဒီလို(PR)စနစ်တို့၊ ရွေးကောက်ပွဲတို့ဆိုတာ ပြောနေကျစကားပဲဖြစ်တယ်။ အဲဒါက အဖြေမဟုတ်ဘူး။ အဓိကတော့ ပြည်ထောင်စုလို့နာမည်ခံထားတဲ့ ပြည်ထောင်စုကို မှန်ကန်တဲ့ပြည်ထောင်စုဖြစ်အောင် ဒီတိုင်ရင်းသားတွေလိုချင်တာကို ပေးနိုင်အောင်၊ သူတို့လိုချင်တဲ့ပုံစံမျိုးကို လိုက်လျောဖို့လိုတယ်”ဟု ၎င်းကဆိုသည်။

၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့် စစ်ကောင်စီက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ ထပ်တိုးကြောင်း ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင်ကြေညာခဲ့သည်။
စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံအတွင်းတွင် လက်ရှိအချိန်ထိ ပုံစံမျိုးစုံဖြင့် ဆန့်ကျင်တိုက်ခိုက်နေကြပြီး တိုင်းပြည်အခြေအနေသည် ကဏ္ဍအသီးသီးတွင် ယိမ်းယိုင်လျက်ရှိနေသည်။

ဗီဒီယိုများ