ရခိုင်ပြည်မှ အခြေခံပညာကျောင်းများတွင် ကျောင်းမရောက်နိုင်သေးသည့် ဆရာ၊ ဆရာမ ၂၄၁ ဦးထိရှိနေ

ရခိုင်ပြည်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများဖွင့်လှစ်ရန် ရက်နီးလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ကျောင်းမရောက်သေးသည့် ဆရာ၊ ဆရာမ ၂၄၁ ဦးရှိနေသည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

10 May 2021

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက တောင်ကုတ်မြို့တွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့မှုမြင်ကွင်း။

DMG ၊ မေ ၁၀

ရခိုင်ပြည်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများဖွင့်လှစ်ရန် ရက်နီးလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ကျောင်းမရောက်သေးသည့် ဆရာ၊ ဆရာမ ၂၄၁ ဦးရှိနေသည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းဆရာ၊ မများမှာ သက်ဆိုင်ရာ အခြေခံပညာကျောင်းများသို့ မေလ ၃ ရက်နေ့ အရောက်လာရမည်ဟု ခေါ်ဆိုထားသော်လည်း လမ်းခရီးအခက်အခဲများနှင့် အဆက်အသွယ်မရနိုင်သေးသည့် ဆရာ၊ ဆရာမ ၂၄၁ ဦး ရှိနေသည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကပြောသည်။

“ကျာင်းမရောက်နိုင်သေးတဲ့ ဆရာ၊ ဆရာမတွေကတော့  ၂၄၁ ယောက်ရှိတယ်။ အဲဒီထဲမှာ ကလေးမွေးဖွားခွင့်၊ ကျန်းမာရေးအခက်အခဲကြောင့် ဆေးခွင့်၊ ခရီးလွန်နေတဲ့သူတွေလည်း ပါတယ်ပေါ့နော်။ အဆက်အသွယ်ပြတ်နေတဲ့ သူတွေလည်းရှိတယ်။ အဲဒီထဲမှာ မောင်တောက ၉၀ ကျော်ပါတယ်။ အခုကျောင်းမရောက်လာသေးတဲ့ ဆရာ၊ ဆရာမတွေကို အရေးယူဖို့မယူဖို့ဆိုတာကတော့ အထက်ကလည်း ညွန်ကြားချက်မထွက်သေးဘူး” ဟုဆိုသည်။

ကျောင်းများဖွင့်လှစ်ရန် စီစဉ်နေခြင်းမှာ ရခိုင်ပြည်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ကျောင်းဖွင့်ရန် ရုံးချုပ်ကညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းကို မေလ ၃ ရက်နေ့ အရောက်ဟု ညွှန်ကြားချက်ထွက်ပြီးနောက်ပိုင်း ကျောင်းကိုပုံမှန်တက်ရောက်ပြီး ကျောင်းတက်ကျောင်းဆင်း လက်မှတ်ထိုးရကြောင်း သံတွဲမြို့နယ်မှ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးက DMG သို့ ပြောသည်။

“၃ ရက်နေ့ ရောက်ဆိုပြီးတော့ ဆရာမတို့က ၃ ရက်နေ့ ကျောင်းကိုအရောက်လာခဲ့တာ ကျောင်းတက် ကျောင်းဆင်းမှာ လက်မှတ်ထိုးရတယ်။ ပြီးတော့ ကျောင်းမှာလည်း ဘာမှလုပ်စရာမရှိဘူးလေ။ ၁ နာရီ ၂ နာရီလောက်နေတယ်ပေါ့နော်။ ပြီးလို့ရှိရင် ပြန်တယ်။ အဲ့လိုပဲ နေ့တိုင်းတက်နေရတာ။ ဘယ်နေ့ဘယ်ရက်ထိ တက်ရမယ်လို့ ပြောထားတာတော့ မရှိသေးဘူး။ ကျောင်းအုပ် ပြောတာကတော့ နောက်ထပ်ညွန်ကြားချက် မရှိမချင်း ဒီအတိုင်းတက်နေရမှာလို့ ပြောတယ်” ဟုဆိုသည်။

မေလ ၃ ရက်နေ့မှစတင်ကာ ကျောင်းအရောက်လာရမည်ဟု အမိန့်စာထုတ်ပြန်ထားသော်လည်း ခရီးဝေးသည့်နယ်ဖက်မှ ဆရာ၊ ဆရာမများမှာ နေ့စဉ်ကျောင်းလာတက်ရန် လမ်းခရီးအခက်အခဲရှိသည့်အတွက် ကျောင်းပုံမှန် မတက်ရောက်သေးကြောင်း မင်းပြားမြို့နယ်မှ မူလတန်းပြဆရာမ ဒေါ်ဇင်မြတ်မွန်ကပြောသည်။

“မြို့ပေါ်က ဆရာ၊ မတွေအနေနဲ့ ကျောင်းသွားရန် အခက်အခဲမရှိပေမယ့် ကျမတို့လို နယ်ဖက်ကဆိုရင်တော့ လမ်းခရီးအခက်အခဲတွေ ရှိတယ်ပေါ့နော်။ နေ့တိုင်းမသွားနိုင်ဘူး။ တချို့ပြောသလို CDM လုပ်လို့ ကျောင်းမလာတာမဟုတ်ပါဘူး။ လမ်းခရီးအခက်အခဲနဲ့ မိသားစုကျန်းမာရေးအခက်အခဲကြောင့် ကျောင်းကို မလာဖြစ်တာပါ” ဟု ဆိုသည်။

အခြေခံပညာကျောင်းများတွင် မေလ ၂၄ ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများဖွင့်လှစ်သွားရန်အတွက် ကိုဗစ်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဟု ပြည်နယ်ပညာရေးမှူးကဆိုသည်။

မြန်မာနိုင်ငံမှ ကျောင်းများအားလုံး ပြီးခဲ့သည့် ၂၀၂၀ ဇူလိုင်လ ၂၁ ရက် မှ သြဂုတ်လ ၂၇ ရက်နေ့ထိ ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းများဖွင့်လှစ်ခဲ့သော်လည်း သြဂုတ် ၂၈ ရက်နေ့တွင် ပြည်တွင်းကူးစက်မှု မြင့်မားလာသဖြင့် ကျောင်းများအားလုံးကို ပြန်လည်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ