နေအိမ်နှင့် ဆိုင်ခန်း ၂၀၀ ခန့် ဖယ်ရှားပေးလိုက်ရသည့် အမ်းဒေသခံများ နေထိုင်ရေးအခက်အခဲဖြစ်နေ

အရေးယူခံရမည်ကိုစိုးရိမ်၍ နေအိမ်နှင့် ဆိုင်ခန်းများ ဖယ်ရှားပေးလိုက်ရသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့မှ ဒေသခံများမှာ လတ်တလောတွင် အခက်အခဲမျိုးစုံနှင့်ရင်ဆိုင်နေကြရသည်ဟု ပြောဆိုကြသည်။

27 May 2022

(အမ်းမြို့မှ နေအိမ်နှင့် ဆိုင်ခန်းများဖယ်ရှားပေးနေသည်ကို တွေ့ရစဉ်) Photo – Ko Myo Lwin Ann

DMG ၊ မေ ၂၇

အရေးယူခံရမည်ကိုစိုးရိမ်၍ နေအိမ်နှင့် ဆိုင်ခန်းများ ဖယ်ရှားပေးလိုက်ရသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့မှ ဒေသခံများမှာ လတ်တလောတွင် အခက်အခဲမျိုးစုံနှင့်ရင်ဆိုင်နေကြရသည်ဟု ပြောဆိုကြသည်။

အမ်းမြို့ဟောင်းရှိ လေယာဉ်ကွင်းဧရိယာ၊ ထွေအုပ်ရုံးဟောင်းနေရာ၊ ရဲစခန်းဟောင်းနေရာနှင့် ဆေးရုံဟောင်း နေရာတို့တွင် တည်ဆောက်ထားသည့် လူနေအိမ်နှင့် ဈေးဆိုင်ခန်း ၂၀၀ ခန့်မှာ ဖယ်ရှားရမည့်အထဲတွင် ပါဝင်ခဲ့သည်။

ထိုနေရာများမှ နေအိမ်နှင့် ဈေးဆိုင်ခန်းများကို သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ အက်ဥပဒေနှင့်အညီ နှင်ထုတ်သွားမည်ဖြစ်ကြောင်း အမ်းမြို့နယ်ရဲတပ်ဖွဲ့မှ အသိပေးစာ ထုတ်ပြန်ထားသဖြင့် ဖယ်ရှားပေးခဲ့ရသည်ဟု အမ်းဒေသခံများကပြောသည်။

ထိုသို့ ဖယ်ရှားခံရသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများအတွက် အစားထိုးမြေနေရာပေးမည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ပြောဆိုခဲ့သော်လည်း လက်ရှိတွင် ဖယ်ရှားပေးလိုက်သည့်ဒေသခံများမှာ တစ်စုံတစ်ရာအကူအညီမရရှိဘဲ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

“ဖြိုတုန်းကတော့ သူတို့က အစားထိုးပေးမယ်ဆိုပြီး ဖြိုခိုင်းတာပဲ။ ဒါပေမယ့် အိမ်တွေဖြိုပြီးမှ အခုထိ ဆက်သွယ်လာတာလည်း မရှိသေးဘူး။ မြေနေရာ အစားထိုးပေးမယ်ဆိုတာလည်း မကြားမိတော့ဘူး”ဟု နေအိမ်ဖြိုဖျက်ပေးလိုက်ရသည့် ဦးသက်လွင်က DMG သို့ပြောသည်။

နောက်ထပ်အမည်မဖော်လိုသည့် နေအိမ်ဖယ်ရှားပေးလိုက်ရသူ တစ်ဦးကလည်း “တစ်ချို့ကတော့ မြေကွက်ငှားပြီး ယာယီအဆောင်တွေဆောက်နေကြတယ်။ တချို့ကျတော့ မိသားစုဆွေမျိုးအိမ်မှာ သွားနေကြရတယ်။ ကိုယ့်နည်းကိုယ့်လမ်းနဲ့ပဲ အခက်အခဲတွေကြားမှာ ရှင်သန်နေကြရတာပေါ့”ဟု ပြောသည်။

ထိုသို့ဒုက္ခရောက်နေသူများကို လူသားချင်းစာနာပေးမှုအနေဖြင့် ကူညီထောက်ပံ့မှုများပေးသင့်ကြောင်း အမ်းမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က တိုက်တွန်းပြောဆိုသည်။

“အိမ်ဖြိုရမယ်လို့ အမိန့်ပဲထုတ်တယ်။ အိမ်ဖြိုလိုက်ရတဲ့သူတွေက နိုင်ငံရေးတွေရော၊ ကိုဗစ်ရောဂါတွေကြောင့်ရော အကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့အချိန် ကိုယ့်အိမ်ကိုဖြိုပေးလိုက်ရတော့ ရှေ့ ဆက်ဖို့မလွယ်တော့ဘူးလေ”ဟု ၎င်းကဆိုသည်။

အမ်းမြို့မှ နေအိမ်နှင့် ဆိုင်ခန်းများကို ဖယ်ရှားခိုင်းခြင်းမှာ အမ်းကို ခရိုင်အဖြစ်ဖွဲ့စည်းရန်အတွက်ဖြစ်ကြောင်း၊ ဖယ်ရှားခံရသည့်မိသားစုများကို မြေနေရာသစ်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကပြောသည်။

“သူတို့တွေက ထွေအုပ်မြေမှာ ကျူးပြီးတော့နေတာ။ နေရင်းနေရင်းနဲ့ ဆိုင်တွေဖွင့်၊ အိမ်တွေဆောက် ဖြစ်လာကြတာ။ အမ်းကို ခရိုင်ဖွဲ့ဖို့အတွက်ကျတော့ အစိုးရမြေမှာ အစိုးရအဆောက်အဦးတွေဆောက်ဖို့ လိုလာတယ်”ဟု ဦးလှသိန်းက ဆိုသည်။

ဆက်လက်၍ ဦးလှသိန်းက “သူတို့ဆိုင်တွေလည်း လုပ်စားလို့အဆင်ပြေပါစေဆိုပြီး ကန်ထရိုက်နဲ့ ဆိုင်ဆောက်ပေးမယ်။ နှစ်ထပ်ဆောက်မယ်ဆိုပြီး သူတို့နဲ့ညှိနှိုင်းပြီးသားပါ။ သူတို့အတွက် မြေနေရာ ပေးထားတယ်။ အဲဒီမှာ ဈေးဆိုင်ခန်းဆောက်မယ်။ အဲဒီမှာ အခုဖျက်လိုက်ရတဲ့သူတွေက သူ့ဦးစားပေးနဲ့သူ ပါသွားမှာပေါ့”ဟု ပြောသည်။

သို့သော် နေအိမ်နှင့် ဆိုင်ခန်းဖယ်ရှားခံရသူများအတွက် မြေနေရာသစ်နှင့် ဆိုင်ခန်းများကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ဆောက်လုပ်နေရာချထားပေးသွားမည်ကိုမူ ဦးလှသိန်းက အသေးစိတ်ပြောကြားခြင်း မရှိခဲ့ပါ။

ဗီဒီယိုများ