အင်းဒင်ကျေးရွာသစ် အောင်သုခကျေးရွာမှ ပန်းရံလုပ်သားတစ်ဦး သေနတ်ပစ်ခံရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာအုပ်စု ဂြင်းတောနယ်ခြားစောင့်စခန်း၌ ခြံစည်းရိုးကာရံနေသည့် အလုပ်သမားတစ်ဦး အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်က သေနတ်ပစ်ခံရသဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သတင်းရရှိသည်။

30 Oct 2019

ချလူးအောင် | DMG

အောက်တိုဘာ ၃၀ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာအုပ်စု ဂြင်းတောနယ်ခြားစောင့်စခန်း၌ ခြံစည်းရိုးကာရံနေသည့် အလုပ်သမားတစ်ဦး အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်က သေနတ်ပစ်ခံရသဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သတင်းရရှိသည်။

ပစ်ခတ်ခံခဲ့ရသူမှာ အင်းဒင်ကျေးရွာသစ် အောင်သုခကျေးရွာမှ ကိုသန့်ဇင်ဦး ၂၃ နှစ်ဖြစ်ပြီး ဂြင်းတောနယ်ခြား စောင့်စခန်းတွင် ပန်းရံလုပ်နေသည့် အလုပ်သမားတစ်ဦးဖြစ်ကြောင်း သိရသည်။

“ဂြင်းတောစခန်းမှာ ခြံစည်းရိုးကာရံတဲ့ ကျနော်တို့ အောင်သုခကျေးရွာက ပန်ရံလုပ်နေတဲ့အဖွဲ့ပါ။ သူတို့က ရွာနဲ့ဝေးတယ်ဆိုတော့ စခန်းအနားမှာပဲ ညအိပ်ကြတာပါ။ ဒီနေ့ မနက်၂ နာရီခွဲလောက်မှာ ကျနော့်ကို ဖုန်းဆက်လာတယ်။ စခန်းကသေနတ်နဲ့ပစ်လို့ တစ်ယောက်ထိသွားတယ်လို့။ ဒဏ်ရာကတော့ချော်ပြီး နားရွက် ပခုံးမှာချပ်ထိပြီး ဒဏ်ရာတွေရရှိထားတယ်လို့ပြောတယ်” ဟု အောင်သုခကျေးရွာတာဝန်ခံ ကိုသိန်းသိန်းထွန်းက DMG သို့ပြောသည်။

အဆိုပါပစ်ခတ်မှုမှာ ကင်းတာဝန်ကျသူမှ ပစ်ခတ်သဖြင့် ကိုသန့်ဇင်ဦးတွင် ညာဖက်လက်ဖျံ ၁ ချက်၊ ညာလက် မောင်း ၁ ချက်၊ ညာနားထင်ပွန်းပဲ့ဒဏ်ရာ ရရှိသွားခဲ့သဖြင့် မောင်တောဆေးရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဂြင်းတောစခန်းမှူး ထိန်ယန်က “ကင်းသမားက မသင်္ကာစရာတွေ့လို ပင်လယ်ဖက်ကို ပစ်တာပါ။ အဲ့ဒီမှာကျောက်လုံးတွေရှိပါတယ်။ ကျောက်လုံးမှာထိပြီး ကျည်ချော်သွားလို့ မတော်တဆ ထိမှန်သွားတာပါ။ တစ်ယောက်နဲ့တစ်ယောက် ဘာပြဿနာမှမရှိပါဘူး။ ချစ်ချစ်ခင်ခင် နေကြတာပါ” ဟု ပြောသည်။

ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့သည့် ကိုသန့်ဇင်ဦးအား လိုအပ်သည့်အကူအညီများ စီစဉ်ပေးထား ကြောင်းလည်း ၎င်းကဆိုသည်။

ဗီဒီယိုများ