ရခိုင်ကတောင်သူများတွင် ဆန်ဈေးနှင့် ဓာတ်မြေသြဇာဈေးနှုန်း မညီမျှဖြစ်နေ

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း ဓာတ်မြေသြဇာဈေးနှုန်းများမှာ ယခင်နှစ်များထက် နှစ်ဆခန့်မြင့်တက်လျက်ရှိနေခြင်းကြောင့် တောင်သူများ အခက်အခဲဖြစ်ပေါ်လျက်ရှိနေကြောင်း ပြောဆိုကြသည်။

19 Aug 2021

DMG ၊ သြဂုတ် ၁၉

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း ဓာတ်မြေသြဇာဈေးနှုန်းများမှာ ယခင်နှစ်များထက် နှစ်ဆခန့်မြင့်တက်လျက်ရှိနေခြင်းကြောင့် တောင်သူများ အခက်အခဲဖြစ်ပေါ်လျက်ရှိနေကြောင်း ပြောဆိုကြသည်။

ယခင်နှစ်များက အာမိုဓာတ်မြေသြဇာတစ်အိတ်လျှင် ၂၈၀၀၀ ဝန်းကျင်သာရှိပြီး ယခုနှစ်အတွင်း ၄၀၀၀၀ ကျပ်အထိ ဈေးမြင့်တက်လျက်ရှိခြင်း၊ ရွှေနဂါးဓာတ်မြေသြဇာတစ်အိတ်လျှင် ယခင် ၄၀၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေခြင်းကြောင့် ဓာတ်မြေသြဇာဝယ်ယူသုံးစွဲရေးအတွက် အခက်တွေ့နေကြောင်း  တောင်သူများက ဆိုသည်။

မာန်အောင်ဒေသခံတောင်သူ ဦးညီသန်းရွှေက "ဈေးကအဆမတန်မြင့်တယ်။ ဒီနှစ် ၂ ဆနီးပါးလောက်ကိုမြင့်သွားတာ။ အဓိကတော့ ကိုဗစ်ကြောင့် သယ်ယူရေးတွေမှာ စရိတ်တက်တာတွေ၊ ပြီးတော့ ဟိုကဝယ်ယူရတဲ့အခါဈေးတက်တာတွေ အဲဒါတွေကြောင့် ဈေးမြင့်တက်သွားတာလို့ ဆိုင်ရှင်တွေကပြောတယ်" ဟု ပြောသည်။

မာန်အောင်မြို့နယ်တွင် ဒေသထွက် ဆန်ကောင်းတစ်တင်းလျှင် လက်ရှိပေါက်ဈေး ၂၅၀၀၀ ကျပ်ရှိကြောင်း သိရသည်။

တောင်သူများမှာ စပါးဈေးနှင့် ဓာတ်မြေသြဇာဈေး မညီမျှနိုင်ဘဲ စပါး ၁၀ တင်းဈေးမှာ ဓာတ်မြေသြဇာတစ်အိတ်ဈေးနှင့် ညီမျှလျက်ရှိနေပြီး ဓာတ်မြေသြဇာမသုံးလျှင် စပါးအထွက်နှုန်းကျဆင်းမည်ကိုလည်း တောင်သူများကစိုးရိမ်နေကြသည်။

“မြေသြဇာဈေးတွေက အဆမတန်တက်တယ်။ မြေဆီ ၁၀ အိတ်သုံးမယ်နေရာမှာ ၅ လုံးလောက်ပဲသုံးနိုင်တယ်။ မြေသြဇာမသုံးနိုင်ဘူးဆိုရင် လယ်သမားတွေကစပါးမရဘူးလေ။ တဖက်မှာလည်း မြေသြဇာကမသုံးလို့မဖြစ်ပြန်ဘူး”ဟု မင်းပြားမြို့နယ်၊ ငစရိုင်းချောင်းကျေးရွာမှ တောင်သူအောင်မြသိန်းကပြောသည်။

ဓာတ်မြေသြဇာတစ်အိတ်လျှင် လယ် ၂ ဧကခန့် အသုံးပြုနိုင်ပြီး သီးနှံထွက်နှုန်းအနေဖြင့် လယ်တစ်ဧကတွင် စပါးတင်း ၄၀ ခန့်သာ အမြင့်ဆုံးထွက်ရှိကြောင်း တောင်သူများထံမှသိရသည်။

မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာမှ တောင်သူဦးစိုးနိုင်က “လယ်သမားတွေက နဂိုကတည်းက စီးပွားရေးကျပ်တည်းနေတဲ့ကြားမှာ အခုလို မြေသြဇာတွေဈေးတက်နေတယ်ဆိုတော့ လယ်သမားတွေအတွက် အများကြီးအခက်အခဲဖြစ်သွားတယ်။ စစ်ပွဲဖြစ်ခဲ့တဲ့ကာလတောင်မှ ဒီလောက်ဈေးမတက်ခဲ့ဘူး" ဟု ပြောသည်။

မာန်အောင်မြို့နယ်မှ တောင်သူ ဦးခင်မောင်သန်းမှာ မိုးစပါးချေးငွေဆပ်ထားသော်လည်း ယခုနှစ်အတွက် ချေးငွေပြန်မရသေးကြောင်းပြောသည်။

"ကျနော်တို့ မိုးစပါးချေးငွေဆပ်ထားတာ တစ်လကျော်နေပြီပြန်မရသေးဘူး။ အဲဒါကြောင့် စိုက်ပျိုးစရိတ်၊ ဓာတ်မြေသြဇာဝယ်ယူစရိတ်တွေ ပိုမိုအခက်တွေ့နေတယ်။ ချေးငွေကိုလည်း ဆန်ကိုရောင်းပြီးဆပ်ထားတယ်။ ချေးငွေပြန်ရမှ ပြန်ပြီးစပါးစိုက်ပျိုးစရိတ်ပြန်လုပ်ရမှာ"ဟု ၎င်းကပြောသည်။

လက်ရှိ မာန်အောင်မြို့နယ်တွင် မိုးစပါးချေးငွေပြန်ဆပ်သူမှာ ၄၅ ဒသမ ၅၃ ရာခိုင်နှုန်းရှိပြီး ၎င်းချေးငွေပြန်ဆပ်သူများကို ချေးငွေပေးထားပြီးဖြစ်ကာ စက်တင်တာ ၃၀ ရက်နေ့တွင် အပြီးချေးပေးရန် စီစဉ်ထားကြောင်း မာန်အောင်မြို့နယ် စိုက်ပျိုးရေးဘက် မန်နေဂျာ ဦးပြုံးနိုင်ကဆိုသည်။

"အခုက ကိုဗစ်စည်းကမ်းအတိုင်း ၆ ပေအကွာထားပြီး ပြန်လည်ချေးပေးနေတယ်။ လူစုလူဝေးမဖြစ်ရအောင်လဲ တစ်ဖြတ်ကို ၁၅ ယောက်စီသာ ဝင်ခွင့်ပြုပြီးချေးပေးနေတယ်။ စက်တင်ဘာလ ၃၀ ရက်ဆိုတော့ အားလုံးအပြီးဆပ် အပြီးပြန်ချေးဖြစ်အောင်အတွက် စီစဉ်ဆောင်ရွက်ပေးနေတယ်" ဟု ပြောသည်။

စိုက်ပျိုးရေးစရိတ်ချေးငွေမှာ လယ်သမားတစ်ဦးကို လယ် ၁၀ ဧကအောက်ချေးပေးနေခြင်းဖြစ်ပြီး တစ်ဧကကို ချေးငွေ ၁ သိန်းခွဲနှုန်းဖြင့် ချေးပေးခြင်းဖြစ်သည်။ ချေးငွေများကို လယ်သမားများမှပြန်ဆပ်သည့်အခါ ငွေ ၁ သိန်းကို အတိုး ၁ သောင်းခွဲနှုန်းဖြင့်ပြန်ဆပ်ရကြောင်း လယ်သမားများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က မိုးစပါးစိုင်ပျိုးရေးစရိတ်ချေးငွေ(ကျပ် ၇၉ ဒသမ ၈၅ ဘီလီယံ)အား ထုတ်ချေးပေးခဲ့ရာ ၂၀၂၀ ခုနှစ် မေလ ၂၇ ရက်နေ့အထိ ချေးငွေပြန်ဆပ်မှုမှာ (၁၁ ဒသမ ၁၀ ဘီလီယံ)ခန့်သာရှိသေးကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)၏စာရင်းအရ သိရသည်။

ယင်းသို့ လယ်သမားများ ချေးငွေမဆပ်နိုင်ခြင်းမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လယ်ယာထွန်ယက်စိုက်ပျိုးရန် အခက်အခဲဖြစ်ခြင်း၊ ထွန်ယက်ပြီးစပါးများ မရိတ်သိမ်းနိုင်ခြင်းနှင့် စပါးရောင်းဝယ်ရေး အဆင်မပြေခြင်းတို့ကြောင့်ဖြစ်သည်ဟု တောင်သူများက ဆိုကြသည်။

ဗီဒီယိုများ