ကိုဗစ်ကာလတွင် စစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

မျိုးရိုးဗီဇပြောင်း ကိုဗစ်တတိယလှိုင်းကာလတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝ မရရှိကြကြောင်း သိရသည်။

04 Aug 2021

DMG ၊ သြဂုတ် ၄

မျိုးရိုးဗီဇပြောင်း ကိုဗစ်တတိယလှိုင်းကာလတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝ မရရှိကြကြောင်း သိရသည်။

မြောက်ဦးမြို့နယ်မှ ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် RI အဖွဲ့မှ ကိုဗစ်တတိယလှိုင်းဖြစ်ချိန်မှစ၍ မရောက်ရှိကြသဖြင့် ကိုယ်ဝန်ဆောင်များအတွက် လိုအပ်သည့်ဆေးဝါးများ ပြတ်လပ်နေသည်မှာ ၂ လခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

"RI အဖွဲ့က ၅ လပိုင်းကရောက်လာပါတယ်။ ၆ လပိုင်း၊ ၇ လပိုင်းမှာေတော့ ပိုးကိစ္စတွေနဲ့မရောက်ခဲ့ဘူး။ မရောက်တာတော့ နှစ်လလောက်ရှိပြီ။ ကိုယ်ဝန် ၉ လရှိနေပြီ ကာကွယ်ဆေးကတော့ ၂ ကြိမ်ပဲထိုးရသေးတယ်။ ကျန်းမာရေးဌာနက မရောက်တဲ့အတွက် ဆေးတွေလည်းပြတ်နေတယ်။ ရှိတဲ့သူတွေလည်းရှိကြတယ်။ ဆေးကုန်သွားလို့ မြောက်ဦးက OG ထံသွားပြပြီး ဆေးယူရတာလည်းရှိတယ်" ဟု ပီပင်းရင်းစစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် ကိုယ်ဝန်ဆောင်မိခင် ဒေါ်မဆန်းဝေကပြောသည်။

ယင်းစခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကလေးနှင့်မိခင် ကျန်းမာရေးအတွက် ၄ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်ခန့်သာ ကျန်းမာရေးဌာနမှ ကာကွယ်ဆေး လာရောက်ထိုးပေးကြောင်း ဒေါ်မဆန်းဝေက ပြောသည်။

ပီပင်းရင်းစစ်ဘေးရှောင်စခန်းမှာ မကြာသေးမီက ရေကြီးမှုဒဏ်ကိုခံခဲ့ရသည့် စစ်ဘေးရှောင်စခန်းများထဲမှ တစ်ခုလည်းဖြစ်သည်။

လူဦးရေ ၄၀၀၀ ခန့်ရှိသည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများမှာလည်း စခန်းစတည်စဉ်ကတည်းက ကျန်းမာရေးစောင့်ရှောက်မှုကို မရရှိကြကြောင်း စခန်းတာဝန်ခံ ဦးညီပုကပြောသည်။

“ဒီစခန်းကိုစတည်ကတည်းက မည်သည့်ကျန်းမာရေးစောင့်ရှောက်မှုမှ မရဘူး။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ တော်တော်လည်း အားနည်းတယ်။ လစဉ်အားဆေးတွေဆိုရင်လည်း ရွာတွေမှာ ကျန်းမာရေးမှူးတွေရောက်တဲ့အချိန်မှ သွားပြီးထိုးရတယ်" ဟု ဆိုသည်။

အဆိုပါစခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ စခန်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှုမရှိသလို ငွေကြေးမတတ်နိုင်သည့်အတွက်လည်း ဆေးဝါးမထိုးနိုင်ကြကြောင်း ဆိုသည်။

စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းကို စ၍တည်ဆောက်စဉ်က အစိုးရမှ သဘောမတူသဖြင့် အဆိုပါစခန်းအား ထောက်ပံ့မှုများ ရှိမနေခြင်းလည်း ဖြစ်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ မိခင်နှင့်ကလေးပါ ကျန်းမာစေရန် အာဟာရပြည့်ဝသောအစားအသောက်များကို စားသောက်ရမည်ဖြစ်သော်လည်း ကိုဗစ်ကာလတွင် ငွေကြေးမတတ်နိုင်ခြင်း၊ အသွားအလာကန့်သတ်ထားခြင်းတို့ကြောင့် ဝယ်ယူစားနိုင်ခြင်းမရှိဟု ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်မိခင် ဒေါ်ရီရီဦးကပြောသည်။

“ကိုဗစ်ကာလမှာ ကျမတို့ကိုယ်ဝန်ဆောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့လိုအပ်ပါတယ်။ ကျမတို့တစ်ခုခုဖြစ်သွားရင် ကျမတစ်ယောက်တည်းမဟုတ်ဘူး၊ ဗိုက်ထဲကကလေးပါ ထိခိုက်သွားနိုင်တယ်။ ကိုယ်ခံအားကောင်းဖို့ အစားအသောက်တွေ၊အသားငါးတွေဝယ်စားဖို့အတွက်ကျတော့လည်း ကျမတို့မှာ ပိုက်ဆံမရှိဘူး“ ဟု ဆိုသည်။

ကိုဗစ်ကာလတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကလေးမွေးဖွားရန်အတွက် ငွေကြေးအခက်အခဲအပြင် တခြားလိုအပ်ချက် များလည်းရှိနေကြောင်း ကိုယ်ဝန်ဆောင်မိခင်များကပြောဆိုသည်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ကျွန်တော်တို့ကတော့ စစ်ဘေးရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုမပြတ်ဖို့အတွက် မြို့နယ်တွေအလိုက် ညွှန်ကြားထားတယ်။ သွားလို့ရတာတွေတော့ ရှိတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးဖို့လုပ်နေရတာတွေရှိတယ်။ ကိုဗစ်ထိန်းချုပ်ရေးလုပ်နေရတာတွေလည်းရှိတယ်။ အဲဒီလိုပဲ ဆကျွန်တော်တို့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း စခန်းကိုသွားရမယ်ဆိုရင် ကိုဗစ်စစ်ဆေးရေးခံရတယ်။ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးမှသွားရတယ်။ ပြီးရင် ဘဏ်ကငွေထုပ်လို့ မရတာတွေလည်းရှိကောင်းရှိနိုင်တယ်။ အဲဒီလိုဆိုတဲ့အခါ ပစ္စည်းထောက်ပံ့မှုအပိုင်းမှာ ကြံ့ကြာနိုင်လိမ့်မယ်“ ဟု ဆိုသည်။

စစ်ဘေးရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းမှုမရှိစေရန်အတွက် သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာနများနှင့် ကျန်းမာရေးဌာနမိတ်ဖက်အဖွဲ့များကို မေတ္တာရပ်ခံထားကြောင်းလည်း ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

ဗီဒီယိုများ