ရခိုင်ကစစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ခြင်း တစ်စုံတစ်ရာ မဆောင်ရွက်ရသေး

ရခိုင်ပြည်တွင် ကိုဗစ် ၁၉ ရောဂါကူးစက်သူနှင့်သေဆုံးသူ များပြားလာပြီး သေဆုံးမှုများလည်းရှိနေသည့် အချိန်တွင် စစ်ဘေးရှောင်စခန်းများ၌ ကိုဗစ်ရောဂါကာကွယ်ခြင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ဆောင်ရွက်ထားမှုမရှိသေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။

08 Jul 2021

ဓါတ်ပုံ - ၂၀၁၉ ခုနှစ်က မြောက်ဦးမြို့နယ် စင်္ဘောကိုင်းဒုက္ခသည်စခန်းသို့ ဒေသတွင်း စစ်ပွဲကြောင့် ထွက်ပြေးခိုလှုံလာကြသည့် ဒုက္ခသည်များအားတွေ့ရစဉ်။

DMG ၊ ဇူလိုင် ၈

ရခိုင်ပြည်တွင် ကိုဗစ် ၁၉ ရောဂါကူးစက်သူနှင့်သေဆုံးသူ များပြားလာပြီး သေဆုံးမှုများလည်းရှိနေသည့် အချိန်တွင် စစ်ဘေးရှောင်စခန်းများ၌ ကိုဗစ်ရောဂါကာကွယ်ခြင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ဆောင်ရွက်ထားမှုမရှိသေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။

လက်ရှိ ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားနေသော်လည်း ကိုဗစ်ကာကွယ်ခြင်းနှင့်ပတ်သက်ပြီး  သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တစ်စုံတစ်ရာ လုပ်ဆောင်ပေးလာခြင်းမရှိသည့်အတွက် ယခင် ကိုဗစ်ဒုတိယလိုင်းက ကျန်ရှိခဲ့သည့် လက်ဆေးစင်များကိုသာ အသုံးပြုနေရသည်ဟု ပီပင်ရင်းစစ်ဘေးရှောင် စခန်းတာဝန်ခံဦးသိန်းကျော်မြက ပြောသည်။

“အစိုးရဖက်ကလည်း ဘာတစ်ခုမှ လုပ်ဆောင်ပေးထားတာမရှိသေးဘူး။ နှာခေါင်းစည်းတပ်မယ်ဆိုရင်တောင် ကျနော်တို့မှာမရှိဘူး။ ကိုဗစ် တတိယလိုင်းနဲ့ပတ်သက်ပြီးတော့ ကာကွယ်မှု ပစ္စည်းတွေလည်းဘာမှမရှိသေးဘူး။ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်၊ ဆပ်ပြာခဲတွေ အဲဒါတွေ လိုအပ်တယ်။ ဘာတစ်ခုမှ မရှိသေးဘူး။ စစ်ဘေးရှောင်တွေဟာ ကိုယ့်ထမင်းစားဖို့အတွက်တောင် ငွေလုံလုံလောက်လောက်မရှိတာ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဝယ်သုံးနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး” ဟုဆိုသည်။

စစ်ဘေးရှောင်များမှာ နေရာအခက်အခဲရှိခြင်း၊ ကိုဗစ်ကာကွယ်မှု ပစ္စည်းများမရှိခြင်း၊ ကျန်းမာရေးဗဟုသုတနှင့် လူနေမှုအဆင့်အတန်းပါ နိမ့်ကျနေသည့်အတွက် တစ်စုံတစ်ဦးထံတွင် ကိုဗစ်ရောဂါ ကူးစက်ခံလာရပါက စခန်းတခုလုံး ပြန့်သွားနိုင်ပြီး ကုသမှုအပိုင်းမှာလည်း အခက်အခဲဖြစ်လာနိုင်သည်ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

“အဖက်ဖက်က အားနည်းချက်တွေ များနေတဲ့ ပြည့်နှံ့နေတာ အဲဒီကြားထဲ ကိုဗစ်သာဖြစ်သွားမယ်ဆိုရင်တော့ စခန်းတစ်ခုလုံးကူးစက်သွားမယ်။ အဲဒါကြောင့် တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့လည်း လိုအပ်တဲ့ပစ္စည်းတွေကို အချိန်မီ လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ လက်ရှိအချိန်ထိ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေ အနေနဲ့ ဘာတစ်ခုမှ ပြောလာတာ မရှိသေးဘူး” ဟုဆိုသည်။

စစ်ဘေးရှောင်များမှာ ကိုဗစ် ၁၉ ရောဂါကူးစပ်မည်ကိုစိုးရိမ်ရသည့်အပြင်၊ လစဉ်ထောက်ပံ့ပေးနေသည့် စားနပ်ရိက္ခာများမှာလည်း လစဉ်ပုံမှန်မရောက်ရှိသည့်အတွက် စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်းလည်း ပြောဆိုကြသည်။

စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ် ၁၉ ရောဂါကာကွယ်မှုမရှိခြင်းနှင့် ပတ်သတ်ပြီး ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေး ဦးဇော်ဇော်ထွန်းက “ကာကွယ်တားဆီးခြင်းအပိုင်းကို ကြို တင်တားဆီးလို့ရှိရင် ကုသတဲ့အပိုင်းမှာ သက်သာမှာပေါ့နော်။ ကြိုတင်ကာကွယ်မှုအပိုင်းကို ဂရုမစိုက်ဘူး ဆိုရင်တော့ ကုသမှု အပိုင်းမှာ အကုန်အကျများပြီးတော့ ထိမ်းချုပ်မှုအပိုင်းမှာအခက်အခဲဖြစ်လာနိုင်တယ်။ လက်ရှိနိုင်ငံရေးအခြေအနေအရလည်း လက်ရှိမှာ အတင်းအကြပ်တွေဖြစ်နေတယ်ဆိုတော့ အဲဒီလိုမျိုးသာဖြစ် လာမယ်ဆိုရင်တော့ ကုသမှုအပိုင်းမှာ ဖြစ်လာမဲ့ဆိုးကျိုးတွေက တော်တော်လည်းများမယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်စခန်းများတွင်ကိုဗစ် ၁၉ ရောဂါကာကွယ်မှုမရှိခြင်းနှင့်ပတ်သတ်ပြီး ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက စစ်ဘေးရှောင်စခန်းများကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်အလိုက် တာဝန်ရှိသူများကို ဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

“စစ်ဘေးရှောင်စခန်းအတွက် ကိုဗစ်နဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီတွေကို ကိုဗစ်ကာကွယ်ရေးလုပ် ပေးဖို့အကြောင်းကြားထားတာတွေရှိတယ်။ မနက်ဖြန် ဆိုရင် ကိုဗစ်ကာကွယ် ထိမ်းချုပ်ခြင်းနှင့် ပတ်သတ်ပြီးအရေးပေါ်အစည်းအဝေးတွေလည်းရှိပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်တွင် ဇူလိုင် ၈ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာ ၆၁၉ ဦးထိရှိလာနေပြီး သေဆုံးသူ ၆ ဦးထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ၆ ရက်ညနေ ၈ နာရီအထိ ကိုဗစ် ၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (၁၇၁၉၇၆)ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ (၁၄၀၃၈၇) ဦးနှင့် သေဆုံးသူ စုစုပေါင်း (၃၅၁၃) ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ