ရခိုင်က သတင်းထောက်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် အစီအစဉ်မရှိသေးကြောင်း ပြည်နယ်စစ်ကောင်စီပြော

ရခိုင်ပြည်သို့ တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေးများကို လူဦးရေတစ်သိန်းခန့် ထိုးပေးသွားမည်ဖြစ်သော်လည်း ကာကွယ်ဆေးမလုံလောက်သေးဟုဆိုကာ သတင်းမီဒီယာသမားများကို ကာကွယ်ဆေးထိုးပေးရန် အစီအစဉ်မရှိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ မနေ့က ဇူလိုင် ၃၁ တွင် ပြောသည်။

01 Aug 2021

DMG ၊ ဩဂုတ် ၁

ရခိုင်ပြည်သို့ တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေးများကို လူဦးရေတစ်သိန်းခန့် ထိုးပေးသွားမည်ဖြစ်သော်လည်း ကာကွယ်ဆေးမလုံလောက်သေးဟုဆိုကာ သတင်းမီဒီယာသမားများကို ကာကွယ်ဆေးထိုးပေးရန် အစီအစဉ်မရှိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ မနေ့က ဇူလိုင် ၃၁ တွင် ပြောသည်။

လက်ရှိတွင် ကာကွယ်ဆေးများကို အသက် ၆၅ နှစ်အထက် အရွယ်ရှိသူများ၊ ရဟန်းသံဃာများ၊ ဘဏ်ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကိုဗစ်နှင့်ပတ်သက်၍ လုပ်ကိုင်နေသည့် Volunteer များကို ထိုးပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောသည်။

“ လက်ရှိမှာတော့ အခုရောက်နေတဲ့ ကာကွယ်ဆေးတွေကို ထိုးဖို့အတွက် ခွဲတမ်း(၅)ခု ထားထားတယ်။ လတ်တ လောမှာတော့ ခွဲတမ်းတွေထဲမှာ သတင်းမီဒီယာတွေကို ကာကွယ်ဆေးထိုးဖို့ မပါသေးဘူး။ လတ်တလောမှာ ဆေးကနည်းနေတဲ့ အတွက်ကြောင့် ဦးစားပေးသင့်တဲ့သူတွေကို ခွဲပြီးတော့ ထိုးပေးနေတာဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်အတွင်း ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် အိန္ဒိယမှ လှူဒါန်းထားသည့် ကိုဗစ်ကာကွယ်ဆေး (COVISHIELD) နှင့် တရုတ်မှ လှူဒါန်းထားသည့် ကာကွယ်ဆေးများကို ထိုးပေးထားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောဆိုထားသည်။

“ကိုဗစ်ကာကွယ်ဆေး ထိုးထားတာကတော့ တစ်သိန်းတစ်သောင်းကျော်လောက်ရှိတယ်။ အဲဒီထဲမှာ အိန္ဒိယက လှူဒါန်းထားတဲ့ ကာကွယ်ဆေးတွေက တစ်သိန်းရှစ်ထောင်ကျော်လောက်ပါတယ်။ တရုတ်ကာကွယ်ဆေးက လူလေးထောင်ကျော်ပဲ ရထားတယ်။ အခု ကျနော်တို့ ထိုးနေတာကတော့ တစ်ထောင်ကျော်ပဲရှိသေးတယ်။ ကျန်တဲ့ သုံးထောင်ကျော်ကိုတော့ ပညာရေးဆရာမတွေကို ထိုးပေးဖို့လုပ်ထားတယ်” ဟု ပြောသည်။

ယင်း ကာကွယ်ဆေးထိုးထားသူများထဲမှ လက်ရှိတွင် ရောဂါပိုးတွေ့ရှိသူ ၄ ဦးအထိရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက သိရပြီး ကာကွယ်ဆေးထိုးပြီးသူများတွင် ရောဂါကူးစက်ခံရနိုင်သော်လည်း ရောဂါပြင်းထန်လေ့မရှိကြောင်း (ဥပမာ ဆေးရုံတက်ရောက်ကုသရသည့်အဆင့်သို့မရောက်ကြောင်း) ပြည်တွင်းမှ အထူးကုဆရာဝန်ကြီးအချို့ ပြောကြားထားချက်အရ သိရသည်။

ရခိုင်ပြည်မှ အလွတ်တန်းသတင်းထောက် ကိုအောင်တိုးက “ ကျနော်တို့ သတင်းသမားတွေက အမြဲတမ်းပြည်သူတွေနဲ့ ဆက်စပ်မှု ပြုလုပ်နေရတဲ့အတွက် ကိုဗစ်ကာကွယ်ဆေးထိုးထားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းသမားတွေက အရေးကြီးတဲ့သတင်းတွေဆိုရင် အိမ်ကထိုင်လုပ်နေလို့ မဖြစ်ဘူးလေ။ မြေပြင်တွေကို သွားရတာတွေရှိတယ်၊ အဲဒါကြောင့် သတင်းသမားတွေကိုလည်း ကာကွယ်ဆေးထိုးပေးသင့်တယ်လို့ ကျနော်မြင်တယ်” ဟု ဆိုသည်။

သတင်းသမားများလည်း ကိုဗစ်ကာကွယ်ဆေးထိုးသင့်ပြီး သတင်းသမားများ မြေပြင်တွင် သတင်းယူရသည့်အခါ ပြည်သူများနှင့် ထိတွေ့ဆက်ဆံမှုများရှိပြီး ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ပြည်နယ်စစ်ကောင်စီအနေဖြင့် သတင်းမီဒီယာသမားများအား ကာကွယ်ဆေးထိုးပေးသင့်ကြောင့်လည်း ရခိုင်အခြေစိုက် DMG သတင်းဌာနမှ သတင်းထောက် ကိုဉာဏ်ဟိန်းက အကြံပြုတိုက်တွန်းသည်။

ကိုဗစ်ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါက သတင်းမီဒီယာသမားများကိုလည်း ထည့်သွင်းစဉ်းစားပေးမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက မနေ့က မီဒီယာနှင့်တွေ့ဆုံစဉ် DMG မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ရခိုင်ပြည်မှာ လက်ရှိ COVID-19 တတိယလှိုင်းတွင် ဇူလိုင်လ ၃၁ ရက်နေ့အထိ ရောဂါပိုးကူးစက်ခံရသည့် လူနာစုစုပေါင်း ၂၈၀၈ ဦးအထိ ရှိလာပြီး သေဆုံးသူ ၁၉၃ ဦးအထိရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနစာရင်းအရ သိရသည်။

ဗီဒီယိုများ